
အင်ဒိုနီးရှားမြို့တော် ဂျကာတာ ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းမှုကြောင့် လူတယောက် သေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ လွှတ်တော်အမတ်တွေ ခံစားခွင့်တိုးပေးတာနဲ့ ပတ်သက်ပြီး လူထုက မကျေနပ်ဘဲ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပါ။
ဒီလအစောပိုင်းက လွှတ်တော်အမတ်တွေကို တလ ဒေါ်လာ ၆,၁၅၀ နဲ့ ညီမျှတဲ့ ရူပီးငွေ သန်း ၁၀၀ ခံစားခွင့်တိုးပေးမယ်လို့ မီဒီယာတွေက ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ လွှတ်တော်အမတ်တွေအတွက် အိမ်ရာထောက်ပံ့ကြေး တိုးပေးမှုတွေလည်း ပါဝင်ပါတယ်။
ဩဂုတ် ၂၈ ရက် ညနေပိုင်းမှာ ဆိုင်ကယ်တက္ကစီသမားတယောက် ရဲကားတိုက်ခံရလို့ သေဆုံးခဲ့သလို ဆန္ဒပြလူအုပ်ကို မီးခိုးဗုံးတွေ၊ ရေအမြောက်တွေနဲ့ လူစုခွဲခဲ့ပြီး တုတ်တွေနဲ့လည်း ရိုက်နှက် ဖြိုခွဲခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဆန္ဒပြမှုတွေကို ရှင်းလင်းချိန်မှာ သံချပ်ကာကားနဲ့ တက္ကစီသမား တိုက်မိခဲ့တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
ဆိုင်ကယ်တက္ကစီအသင်းကတော့ သေဆုံးသူဟာ ဆန္ဒပြအဖွဲ့ထဲမှာ ပါဝင်သူတယောက် မဟုတ်ဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ သံချပ်ကာကားမှာ တာဝန်ထမ်းဆောင်တဲ့သူ ၇ ယောက်ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ဆန္ဒပြမှုဖြိုခွင်းမှုမှာ လူတယောက် သေဆုံးခဲ့တာကြောင့် ဆန္ဒပြမှု အရှိန်ပိုပြီး မြှင့်လာဖွယ်ရှိပါတယ်။
ဆန္ဒပြပွဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးကျောင်းသားသမဂ္ဂဖြစ်တဲ့ မူဇမ်မီအစ်ဆန် အဖွဲ့ကလည်း သောကြာနေ့ ဆန္ဒပြမှုတွေမှာ ပါဝင်သွားမှာဖြစ်ပြီး တခြားကျောင်းသားအဖွဲ့တွေလည်း ပါဝင်ဖို့ မျှော်လင့်ထားတယ်လို့ ရိုက်တာကို ပြောထားပါတယ်။
Source: Reuters