
အင်ဒိုနီးရှားလွှတ်တော် အဆောက်အအုံကို သြဂုတ် ၂၅ ရက်က ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံ အင်ဒိုနီးရှားရဲ့ မြို့တော်မှာ အနက်ရောင်အ၀တ်အစား ဝတ်ထားတဲ့ ဆန္ဒပြသူတချို့က အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး မီးရှူးမီးပန်း ဖောက်ခဲ့ကြပါတယ်။
အနည်းဆုံး မော်တော်ဆိုင်ကယ်တစီး မီးရှို့ဖျက်ဆီးခံခဲ့ရပေမဲ့ တာဝန်ရှိသူတွေက အပျက်အစီး၊ အသေအပျောက်နဲ့ ဖမ်းဆီးမှု အသေးစိတ်ကို မပြောခဲ့ပါဘူး။
လွှတ်တော်အဆောက်အအုံတဝိုက်မှာ ဆန္ဒပြသူတွေဟာ လွှတ်တော်အမတ်တွေအတွက် လစာဖြတ်တောက်ဖို့ တောင်းဆိုခဲ့ကြပြီး ယိုဂီယာကာတာပြည်နယ်က ကျောင်းသားတွေက ဆန္ဒပြခဲ့တယ်လို့ စည်းရုံးရေးအဖွဲ့တွေထဲက တခုဖြစ်တဲ့ ဂီဂျားယန် မဲမုန်ဂီးလ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုလမှာ ပြည်တွင်းမီဒီယာတွေက လွှတ်တော်အမတ်တွေကို အိမ်ရာထောက်ပံ့ကြေး အပါအဝင် တလကို ရူပီယာ သန်း ၁၀၀ (ဒေါ်လာ ၆,၁၅၀) အထက် ပေးဆောင်ရတယ်လို့ အစီရင်ခံပါတယ်။
အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပေမဲ့ လစာငွေဟာ ကျွန်းစုရဲ့ ပျမ်းမျှဝင်ငွေ ရူပီယာ ၃ ဒသမ ၁ သန်းထက် အများကြီး ကျော်နေပါတယ်။
တချို့က နိုင်ငံတွင်း အစိုးရမူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ သင်္ကေတ ဖြစ်လာတဲ့ ဂျပန် မန်ဂါ စီးရီး ‘One Piece’ က အလံကို ကိုင်ဆောင်ထားကြပါတယ်။
Source: Reuters