
အင်ဒိုနီးရှားစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လေကြောင်းကနေ ချပေးဖို့ သူ့တပ်ဖွဲ့ဝင်တွေကို မလွှတ်မီ သြဂုတ် ၁၃ ရက်က မြို့တော် ဂျကာတာမှာ အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတိုရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်တဲ့ ဒီလုပ်ငန်းတာဝန်ဟာ ဂျော်ဒန်နိုင်ငံရဲ့ လေယာဉ်တွေကနေ လေထီးတပ်ဆင်ထားတဲ့ အကူအညီ အထုပ်အပိုးတွေကို ချပေးတဲ့ အစီအစဉ်ကနေတဆင့် ကယ်ဆယ်ရေးအကူအညီ တန်ချိန် ၈၀၀ ကို ဖြန့်ဝေဖို့ ရည်ရွယ်ထားတယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူး သရီဘူဒီ အူတိုမိုက ပြောပါတယ်။
ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေက အစ္စရေးတောင်ပိုင်းကို ဝင်စီးနင်းလို့ လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၁ ယောက်ကို ဖမ်းခေါ်သွားခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက်ကစပြီး ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား စစ်ပွဲစတင်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဂါဇာကမ်းမြောင်က ဟားမတ်စ်တွေအပေါ် အစ္စရေးက ထိုးစစ်ဆင်နေလို့ ပါလက်စတိုင်း ၆၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောထားပါတယ်။
Source: Reuters