
ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျနဲ့ တခြားနိုင်ငံ ၂၁ နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဂါဇာကမ်းမြောင်ဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အစ္စရေးက အတားအဆီးမရှိ ခွင့်ပြုပေးဖို့ ဩဂုတ် ၁၂ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုက္ခတွေဟာ စိတ်ကူးကြည့်လို့တောင်မရတဲ့ အဆင့်တွေကို ရောက်နေပြီလို့လည်း အလေးပေး ပြောကြားခဲ့ကြပါတယ်။
အကြီးတန်းဥရောပသမဂ္ဂ (EU) အရာရှိတွေ ပူးတွဲလက်မှတ်ရေးထိုးထားတဲ့ အွန်လိုင်း ထုတ်ပြန်ချက်ထဲမှာ ဝန်ကြီးတွေက “လူသားချင်းစာနာမှုဆိုင်ရာ နေရာကို ကာကွယ်ရမှာဖြစ်ပြီး ဂါဇာကမ်းမြောင်ရဲ့ အခြေအနေအရ အကူအညီတွေကို နိုင်ငံရေးအသုံးချမှု မလုပ်ဆောင်သင့်ဘူး” လို့ ဖော်ပြထားပါတယ်။
ဝန်ကြီးတွေဟာ ဂါဇာအတွင်းမှာ ငတ်ပြတ်နေမှု အကြောင်းတွေကို သတိပေးခဲ့ကြပြီး “ငတ်မွတ်ခေါင်းပါးမှုကို ရပ်တန့်ပြီး အခြေအနေကို ပြန်ဖြေရှင်းဖို့ကို အခုချက်ချင်း အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း” ပြောထားပါတယ်။
အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေ တင်ပို့မှုအားလုံးကို ခွင့်ပြုပေးဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေမှာ မရှိမဖြစ်လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်သူတွေကို ဝင်ရောက်ခွင့်ပြုဖို့ ဝန်ကြီးတွေက အစ္စရေးအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
“အစားအစာ၊ အာဟာရထောက်ပံ့မှု၊ အမိုးအကာ၊ လောင်စာဆီ၊ ရေသန့်၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အပါအဝင် ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ လွှမ်းမိုးနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်လမ်းတွေနဲ့ လမ်းကြောင်းအားလုံးကို အသုံးပြုရမယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဝန်ကြီးတွေနဲ့ EU တာဝန်ရှိသူတွေရဲ့ ပူးတွဲထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပြီး နိုင်ငံတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်း မဟာမိတ်တွေအပြင် ကုလသမဂ္ဂ အနေနဲ့ အစ္စရေးကို စည်းမျဉ်းလိုက်နာစေဖို့ ခိုင်မာတိကျတဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲပြီးတော့ ပါလက်စတိုင်း အရပ်သားတွေအပေါ် ရာဇ၀တ်မှုတွေကို ရပ်တန့်စေအောင် ဖိအား ပေး,ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
Source: Reuters