
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက တိုက်ခိုက်လို့ အကူအညီရှာဖွေသူ ၃၁ ယောက် အပါအဝင် ပါလက်စတိုင်း ၈၉ ယောက်ထက်မနည်း သေဆုံးပြီး ၅၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဆက်ပြီး ဖိအားပေးနေလို့ ကလေး ၂ ယောက် အပါအဝင် ပါလက်စတိုင်း ၅ ယောက် နယ်မြေအတွင်း အစာငတ် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါကြောင့် ကလေးငယ် ၁၀၃ ယောက် အပါအဝင် ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးရသူ စုစုပေါင်း ၂၂၇ ယောက်အထိ တိုးမြင့်လာခဲ့တာပါ။
လန်ဒန်၊ ဘာလင်၊ တူးနစ်နဲ့ ရာမယ်လာမြို့တွေ အပါအဝင် ကမ္ဘာတဝန်းမှာ ဆန္ဒပြသူတွေက သတ်ဖြတ်မှုကို ဆန့်ကျင်ခဲ့ပါတယ်။
ဂါဇာမှာ အစ္စရေးက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အယ်လ်ဂျာဇီးရား သတင်းထောက် ၄ ယောက်ရဲ့ ဈာပနအခမ်းအနားကို ပါလက်စတိုင်းတွေက ကျင်းပခဲ့ကြပါတယ်။
ဥရောပသမဂ္ဂ၊ တရုတ်နဲ့ အစ္စရေးရဲ့ ရင်းနှီးတဲ့ မဟာမိတ် ဂျာမနီတို့က အစ္စရေးရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုလို့ ကုလသမဂ္ဂက ဖော်ပြခဲ့ပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် လူ ၆၁,၅၉၉ ယောက်ထက်မနည်း သေဆုံးပြီး ၁၅၄,၀၈၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ခန့်မှန်းခြေ လူပေါင်း ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး လူအယောက် ၂၀၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
အစ္စရေးကို ထိန်းချုပ်စွက်ဖက်ရေး အမေရိကန်ကို ဖိအားပေးဖို့ ဟားမတ်စ်က အာရပ်နဲ့ အစ္စလာမ္မစ်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို အစ္စရေးက မတုံ့ပြန်သေးပါဘူး။
ဂါဇာမှာ အငတ်ဘေး ပြင်းထန်နေချိန် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ အီတလီတို့က စုစုပေါင်း အစားအစာ အထုပ်အပိုး ၉၇ ထုပ်ကို ဂါဇာဆီ အင်္ဂါနေ့က လေကြောင်းကနေ ပစ်ချပေးအပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပြီး ပို့ဆောင်မှုကို နိုင်ငံရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ ငတ်မွတ်ခေါင်းပါးမှုကို တမင်တကာဖြစ်အောင် လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုနေချိန်မှာ ခုလို လေကြောင်းကနေ စားနပ်ရိက္ခာတွေ ကြဲချတာကို ပြည်ပနိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။
Source: Reuters