Home
နိုင်ငံတကာ
ဂါဇာစီးတီး ထိန်းချုပ်ရေးသည် စစ်ပွဲပြီးရန် အမြန်ဆုံးနည်းလမ်းဟု နေတန်ယာဟု ချေပ
DVB
·
August 12, 2025
Photo: REUTERS/Ronen Zvulun/Pool

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာစီးတီးကို ဗဟိုပြုပြီး ကမ်းမြောင်တခုလုံးကို ထိန်းချုပ်မယ့် သူ့ရဲ့ အငြင်းပွားဖွယ် အစီအစဉ်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ “အကောင်းဆုံးနဲ့ အမြန်ဆုံး” နည်းလမ်း ဖြစ်တယ်လို့ ခုခံကာကွယ်သွားပါတယ်။

နေတန်ယာဟုရဲ့ အစီအစဉ်အပေါ် အဓိက မဟာမိတ် အမေရိကန်ကလွဲလို့ တကမ္ဘာလုံးနီးပါးက ဝေဖန်နေကြချိန် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့တာပါ။

အစ္စရေးဝန်ကြီးချုပ်က “စစ်ပွဲက မနက်ဖြန်ပဲ ပြီးသွားနိုင်ပါတယ်။ ဂါဇာက… ပြောရရင် ဟားမတ်စ်က လက်နက်ချမယ်ဆိုရင်၊ ပြီးတော့ ကျန်နေသေးတဲ့ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင်ပေါ့” လို့ ဩဂုတ် ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အစ္စရေးရဲ့ အခြေခံမူ ၅ ချက်ကတော့ ဟားမတ်စ် လက်နက်ဖြုတ်သိမ်းဖို့၊ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဂါဇာကို စစ်မဲ့ဇုန်ဖြစ်အောင်လုပ်ဖို့၊ အစ္စရေးက အဓိကလုံခြုံရေးကို ထိန်းချုပ်ထားဖို့နဲ့ အစ္စရေးမဟုတ်တဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ အရပ်ဘက်အုပ်ချုပ်ရေး ဖွဲ့စည်းဖို့ ဖြစ်တယ်လို့ နေတန်ယာဟုက ပြောပါတယ်။

ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံတွေသာ တမင်တကာ အငတ်ထားခံနေရတာ ဖြစ်တယ်လို့လည်း နေတန်ယာဟုက ပြောပြီး အစ္စရေးက ဂါဇာပြည်သူတွေကို အငတ်ထားတယ် ဆိုတာကိုတော့ ငြင်းပယ်ခဲ့ပါတယ်။

ဂါဇာစီးတီးကို ထိန်းချုပ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် နိုင်ငံတွေက အစ္စရေးရဲ့ လုပ်ရပ်ဟာ “နောက်ထပ် ကပ်ဘေးကြီးတခု” ကို ဖြစ်စေနိုင်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ သတိပေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်တွေဖြစ်တဲ့ ဒိန်းမတ်၊ တောင်ကိုရီးယား၊ ဂရိ၊ ဆလိုဗေးနီးယား၊ ဂူယာနာ တို့ကလည်း အစ္စရေးလုပ်ရပ်ကို ကန့်ကွက်ခဲ့ကြပြီး နောက်ကြောင်းပြန်လှည့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

တရုတ်ကတော့ ဂါဇာပြည်သူတွေကို စုပေါင်းဒဏ်ခတ်တာ ဟာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး  ရုရှားကတော့ အဆင်ခြင်မဲ့ ရန်လိုမှုတွေ ပိုဆိုးလာမယ်လို့ သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ အစ္စရေးဘက်က ကာကွယ်ပေးခဲ့ပြီး တခြားအဖွဲ့ဝင်တွေက  “အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲဖို့” ဒီအစည်းအဝေးကို အသုံးချနေတယ်လို့ အမေရိကန် သံအမတ်ကြီး ဒေါ်ရသီ ရှေးက စွပ်စွဲခဲ့ပါတယ်။

ဒီစစ်ဆင်ရေးမှာ အစ္စရေးက ဟားမတ်စ်ရဲ့ နောက်ဆုံးလက်ကျန် အမာခံနယ်မြေတွေလို့ သတ်မှတ်ထားတဲ့ နေရာတွေကနေ အရပ်သားတွေကို အလုံးအရင်းနဲ့ နေရာရွှေ့ပြောင်းခိုင်းပြီး ဂါဇာကမ်းမြောင်ဒေသတခုလုံးကို လုံခြုံရေးအရ အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီအစီအစဉ်အပေါ် အစ္စရေးပြည်တွင်းမှာလည်း လူသောင်းနဲ့ချီ ဆန္ဒပြခဲ့ကြသလို ဓားစာခံ မိသားစုတွေကလည်း ဒီထိုးစစ်ဟာ အကျဉ်းသားတွေကို အသက်အန္တရာယ်ဖြစ်စေတယ်လို့ ဝေဖန်နေကြပြီး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီစစ်ပွဲကြောင့် ပါလက်စတိုင်းပြည်သူ ၆၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013