
အယ်လ်ဂျာဇီးယား သတင်းထောက်တယောက်ကို ဟားမတ်စ်အဖွဲ့ငယ်တခုရဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ အစ္စရေးက စွပ်စွဲပြီး ပစ်မှတ်ထား လုပ်ကြံခဲ့ရာမှာ စုစုပေါင်း သတင်းထောက် ၅ ယောက်အထိ သေဆုံးခဲ့ပါတယ်။
အကုန်လုံးဟာ အယ်လ်ဂျာဇီးယား သတင်းဌာနက ဖြစ်ပါတယ်။ ဂါဇာစစ်ပွဲအကြောင်း ရှေ့တန်းကနေ သတင်းယူနေတာဖြစ်လို့ ပစ်မှတ်ထား လုပ်ကြံတာဖြစ်ပြီး ဟားမတ်စ်အဖွဲ့က ဆိုတာ အထောက်အထား မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် အာနက်စ်အယ်လ်ရှာရစ်ဖ်ဟာ ဂါဇာစီးတီးအရှေ့ပိုင်း အယ်လ်ရှီဖာ ဆေးရုံအနီးက သတင်းထောက်တွေအတွက် သီးသန့်တဲတခုမှာ ရှိနေချိန်မှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ကတော့ ရှာရစ်ဖ်ဟာ ဟားမတ်စ်အဖွဲ့ငယ်တခုရဲ့ ခေါင်းဆောင်ဖြစ်လို့ သူ့ကို ပစ်မှတ်ထားခဲ့တာလို့ အတည်ပြုပေမဲ့ တခြား သေဆုံးသွားတဲ့ သတင်းထောက်တွေ အကြောင်းကိုတော့ ထည့်ပြောမသွားပါဘူး။
အယ်လ်ရှာရစ်ဖ်ဟာ အစ္စရေးအရပ်သားတွေနဲ့ စစ်သည်တွေကို ရော့ကတ်တွေနဲ့ တိုက်ခိုက်မှုတွေ တိုးပွားလာစေဖို့အတွက် တာဝန်ယူခဲ့တယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲခဲ့ပါတယ်။
အယ်လ်ဂျာဇီးယားက ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး ဂါဇာက သတင်းတွေကို ပါးစပ်ပိတ်ဖို့ ကြိုးစားတာလို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း အစ္စရေးဟာ သတင်းထောက်တွေကို သတ်ဖြတ်ပြီးမှ အထောက်အထားမခိုင်လုံဘဲ အကြမ်းဖက်သမားလို့ တံဆိပ်ကပ်တဲ့ အလေ့အထရှိတယ်လို့ ထောက်ပြပါတယ်။
အယ်လ် ရှာရစ်ဖ်ဟာ သေဆုံးခါနီးအချိန်အထိ ဂါဇာမြို့ထဲက အခြေအနေတွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားနေခဲ့ပါတယ်။
ဒီစစ်ပွဲစတင်ကတည်းက အသတ်ခံခဲ့ရတဲ့ သတင်းထောက်ပေါင်းဟာ အနည်းဆုံး ၁၈၆ ယောက် ရှိပြီလို့ CPJ က မှတ်တမ်းတင်ထားပါတယ်။
Source: Reuters