Home
နိုင်ငံတကာ
ဂါဇာစီးတီးကို ဗဟိုပြုပြီး ကမ်းမြောင်တခုလုံး ထိန်းချုပ်ရန် အစ္စရေး အတည်ပြု
DVB
·
August 8, 2025
Photo: Reuters

ဂါဇာစီးတီးမြို့မှာ တပ်ဖြန့်ဝင်ရောက်ထိန်းချုပ်ပြီး အဲဒီကမှ တဆင့် ဂါဇာကမ်းမြောင်တခုလုံးကို လုံခြုံရေးအရ ကွပ်ကဲနိုင်ရေး ရည်မှန်းထားတဲ့ အစီအစဉ်သစ်တခုကို အစ္စရေးအစိုးရဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

စစ်ပွဲအဆုံးသတ်ရေး အခြေခံမူ ၅ ရပ်” ကို အစိုးရဝန်ကြီးအများစု သဘောတူညီချက်နဲ့ အတည်ပြုခဲ့တယ်လို့ နေတန်ယာဟုရဲ့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အဲဒီအချက်တွေကတော့ ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းရေး၊ အသက်ရှင်ကျန်ရစ်သူတွေရော၊ သေဆုံးသွားသူတွေပါ အပါအဝင် ဓားစာခံအားလုံး ပြန်လည်လွတ်မြောက်ရေး၊ ဂါဇာကမ်းမြောင်ကို စစ်မဲ့ဇုန်ဖြစ်အောင်လုပ်ရေး၊ ဂါဇာကမ်းမြောင်အပေါ်  အစ္စရေးက လုံခြုံရေးအရ ဆက်လက်ထိန်းချုပ်ထားနိုင်ရေးနဲ့ ဟားမတ်စ်အဖွဲ့ မဟုတ်သလို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့လည်းမဟုတ်တဲ့ တခြား အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာရေးတို့ ဖြစ်ပါတယ်။

အစည်းအဝေးမတိုင်မီ Fox News သတင်းဌာန အင်တာဗျူးမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာကမ်းမြောင်ကို ထိန်းချုပ်မှာလို့ အတိအလင်း ပြောခဲ့ပေမဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းအနေနဲ့ အုပ်ချုပ်မှာမဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။

နေတန်ယာဟုက “ကျုပ်တို့ကို မခြိမ်းခြောက်ဘဲ ဂါဇာသားတွေအတွက် ကောင်းမွန်တဲ့ဘဝပေးနိုင်အောင် အုပ်ချုပ်မယ့် အာရပ်တပ်ဖွဲ့တွေလက်ထဲ လက်လွှဲပေးချင်တယ်” လို့လည်း ပြောထားပါတယ်။

“တိုက်ခိုက်ရေးဇုန်တွေရဲ့ အပြင်ဘက်မှာရှိတဲ့ အရပ်သားပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) အနေနဲ့ ဂါဇာစီးတီးကို ဝင်ရောက်ထိန်းချုပ်ဖို့ ပြင်ဆင်သွားမှာဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာစီးတီးကို ဝင်ရောက်ထိန်းချုပ်ဖို့ အစ္စရေးရဲ့ စစ်ဆင်ရေး တိုးချဲ့မှုဟာ ပါလက်စတိုင်း အရပ်သားတွေနဲ့ အစ္စရေးဓားစာခံတွေအတွက် ကပ်ဘေးအသွင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ ဦးဆောင်တဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁,၂၀၀ လောက် သေဆုံးပြီး ဓားစာခံ ၂၅၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အစ္စရေးက ဂါဇာဒေသမှာ စစ်ပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၆၁,၁၅၈ ယောက် သေဆုံးခဲ့ပြီ ဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024