
ဂါဇာကမ်းမြောင်မှာ စားနပ်ရိက္ခာ လာဝေငှတဲ့နေရာတွေနဲ့ လေကြောင်းကကြဲချတဲ့ ပါဆယ်ထုပ်တွေဆီ အပြေးအလွှားသွားကြတဲ့ လူအုပ်ကြီးဆီကို ပစ်ခတ်ခဲ့တာကြောင့် တနင်္လာနေ့က လူပေါင်း ဒါဇင်ချီ သေဆုံး၊ ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
စစ်ပွဲကာလအတွင်း ဂါဇာအလယ်ပိုင်းမှာ အစ္စရေးစစ်သားတွေ ထူထောင်ထားတဲ့ စစ်ရေးကြားခံဇုန် နတ်ဇာရင်းမ် စင်္ကြံအနီး ဧရိယာမှာ တိုက်ရိုက် ပစ်ခတ်ခံခဲ့ရပြီးနောက်မှာ အသေအပျောက် အများအပြားကို အယ်လ်ဩဒါ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေထဲက ယူးဆက်ဖ် အယ်လ်ဇိုအတ်နေးက အစားအစာထုပ်ကို ကောက်ယူဖို့ ကြိုးစားနေတုန်း တိုက်ရိုက် ပစ်ခတ်ခံခဲ့ရတာလို့ ပြောပြပါတယ်။
“ကျနော်တို့ နတ်ဇာရင်းမ်ကို စားစရာတခုခုရဖို့ သွားတာဖြစ်ပြီး ဘယ်သူ့ကိုမှ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ မရှိပါဘူး။ လမ်းမှာပဲ သူတို့က ကျနော်တို့ကို တည့်တည့်ကြီး ပစ်တာပါ။ ပစ်ချက်တွေက ခေါင်း၊ ရင်ဘတ်နဲ့ အပေါ်ပိုင်းတွေကို ချိန်ပစ်တာ။ ဒါပေမဲ့ ဘုရားကျေးဇူးကြောင့် ကျည်ဆန်က ခေါင်းပေါ်ကနေ ကျော်ပြီး လွဲသွားပါတယ်။ သူတို့တွေက ကျနော်တို့ကို သတ်ပစ်ချင်တာကလွဲပြီး တခြားရည်ရွယ်ချက် မရှိဘူး။”
တခြားနေထိုင်သူ ဆာဘရီးန် ရှာဟီးန် ကလည်း အစားအစာဖြန့်ဖြူးရေး နေရာတွေဟာ လူသတ်ထောင်ချောက်တွေ ဖြစ်လာနေပြီလို့လည်း ဆိုပါတယ်။
ဆာဘရီးန် ရှာဟီးန်က “လူတွေက အစားအစာ သယ်ပြန်လာတာ မဟုတ်ရင် အလောင်းတွေကို သူတို့မိသားစုတွေဆီ ပြန်သယ်လာပေးကြတာမျိုးပါ။ နယ်ကျော်ဂိတ်တွေကို ဖွင့်ပေးဖို့ တောင်းဆိုပါတယ်။ အကူအညီတွေကို တရားဝင်အဖွဲ့အစည်းတွေ၊ အများပြည်သူနေရာတွေ၊ စခန်းတွေ၊ ဒါမှမဟုတ် ကိုယ့်ဒေသ ကိုယ့်ရပ်ကွက်တွေဆီမှာပဲ ယူခွင့်ပြုပေးပါ” လို့ ပြောပါတယ်။
“ကျမတို့ ဒီမှာ ကြုံတွေ့ ဖြစ်ပျက်နေတာတွေက ရက်စက်လွန်းပါတယ်။ အမေရိကန်က အကူအညီပေးတဲ့ နေရာတွေကို မသွားချင်ဘူး၊ ပိတ်ပစ်လိုက်ပါ။ ကျမတို့အတွက် နယ်စပ်ဖြတ်ကျော်ဂိတ်ကိုပဲ ဖွင့်ပေးလိုက်ပါ။ ဒါပဲ တောင်းဆိုပါတယ်” လို့ ဆာဘရီးန် ရှာဟီးန်က ပြောပါတယ်။
Source: Reuters