
ဂါဇာမှာ ဩဂုတ် ၄ ရက် တနေ့တည်းမှာတင် အစ္စရေး ပစ်ခတ်၊ ဗုံးကြဲမှုကြောင့် သေဆုံးတဲ့ ပါလက်စတိုင်းဦးရေ ၄၀ ထက်မနည်း ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ ၁၀ ယောက်က ရိက္ခာရှာရင်း ထိမှန်သေဆုံးတာ ဖြစ်ပါတယ်။ နောက်ထပ် ၅ ယောက်ကတော့ ငတ်မွတ်သေဆုံးခဲ့တာ ဖြစ်တယ်လို့ လူသားချင်းစာနာမှုအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
အစ္စလာမ်မစ် စျာပနတွေမှာ အရေးကြီးတဲ့ အဖြူရောင် အလောင်းပတ်တဲ့ အဝတ်တွေ ဆေးရုံမှာ ပြတ်လပ်နေတာကြောင့် စောင်ထူတွေနဲ့ပတ်ပြီး မြှုပ်နှံနေကြရပါတယ်။
နေ့စဉ် သေဆုံးသူ တိုးလာတာအပြင် အစ္စရေးက နယ်စပ်ကန့်သတ်ချက်တွေ ဆက်ထားရှိတဲ့ အတွက် ပစ္စည်းပြတ်လပ်တာလို့ ပါလက်စတိုင်းတွေက ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးက နောက်ခံပြုပေးထားတဲ့ ဂါဇာ လူသားချင်းစာနာမှုဖောင်ဒေးရှင်း (GHF) က ရိက္ခာဝေတဲ့နေရာ ၂ ခုမှာ သီးခြားဖြစ်စဉ် ၂ ခုကြောင့် သေဆုံးသူ ၁၀ ယောက် ရှိခဲ့တယ်လို့ ဒေသခံဆေးအဖွဲ့တွေက ပြောပါတယ်။
GHF က ၂၀၂၅ မေလမှာ ရိက္ခာစဝေပြီးနောက်ပိုင်း ဂါဇာမှာ အကူအညီရဖို့ ကြိုးစားရင်း သေဆုံးသူ အယောက် ၁,၀၀၀ ကျော်လာပြီဖြစ်ပြီး GHF ရိက္ခာစခန်းတွေနားမှာရှိတဲ့ အစ္စရေးတပ်တွေ ပစ်ခတ်လို့ သေဆုံးရသူ အများစုဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
GHF ကတော့ ဩဂုတ် ၄ ရက်မှာ သူတို့စခန်းတွေအနားမှာ မတော်တဆဖြစ်စဉ် မရှိဘူးလို့ ငြင်းထားပါတယ်။