Home
နိုင်ငံတကာ
ပိန်ချုံးကြုံလှီနေသည့် အစ္စရေးဓားစာခံ ဗီဒီယိုများ ထွက်ပေါ်လာ
DVB
·
August 4, 2025
Photo: Reuters

ပိန်ချုံးကြုံလှီနေတဲ့ အစ္စရေးဓားစာခံတွေရဲ့ ပုံရိပ်တွေကို ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့နဲ့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်မှုကို ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချလိုက်ပြီး ကြက်ခြေနီအဖွဲ့ကလည်း ဖမ်းဆီးခံထားရဆဲ ဓားစာခံအားလုံးဆီ သွားရောက်ခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက “ဝါဒဖြန့်ဖို့အတွက် ဓားစာခံတွေကို ပြစားနေတဲ့ ပုံရိပ်တွေက ရွံရှာစရာကောင်းတယ်” လို့ ပြောပြီး သူတို့ကို “ခြွင်းချက်မရှိ” လွှတ်ပေးရမယ်လို့ တောင်းဆိုပါတယ်။

ကြာသပတေးနေ့မှာ ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့က ပိန်လှီပြီး ငိုယိုနေတဲ့ ရွန်ဘရာလာ့ဗ်စကီးရဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ စနေနေ့မှာ ဟားမတ်စ်အဖွဲ့က ပိန်ချုံးနေတဲ့ အီဗီယာတာ ဒေးဗစ်ရဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ဓားစာခံတွေကို အငတ်ထားတယ်လို့ အစ္စရေးဘက်က စွပ်စွဲထားပါတယ်။ ဟားမတ်စ်ကတော့ သူတို့ဟာ အကျဉ်းသားတွေကို တမင်အငတ်မထားဘူးလို့ ငြင်းထားပါတယ်။

ဂါဇာမှာ အငတ်ဘေးဆိုက်နေချိန်အတွင်း ဓားစာခံတွေဟာ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ပြည်သူတွေ စားသောက်တဲ့အတိုင်းပဲ စားသောက်ကြရတယ်လို့ ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် ဘရာလာ့ဗ်စကီးနဲ့ ၂၄ နှစ်အရွယ် ဒေးဗစ်တို့ ၂ ယောက်စလုံးဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က နိုဗာဂီတပွဲတော်မှာ ရှိနေချိန် ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မူလက ဖမ်းဆီးခံခဲ့ရတဲ့ ၂၅၁ ယောက်ထဲ ကျန်ရှိတဲ့ ဓားစာခံ ၄၉ ယောက်ထဲမှာ သူတို့ပါဝင်ပါတယ်။ ဒီအထဲမှာ ၂၇ ယောက်က သေဆုံးသွားပြီလို့ အစ္စရေးက ယူဆထားပါတယ်။

ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံတွေကို ပုံမှန်၊ အမြဲတမ်း ဖွင့်ပေးဖို့နဲ့ အကူအညီ လက်ခံနေချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ထားဖို့ ဟားမတ်စ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အယ်လ်ကာဆမ် တပ်မဟာက တောင်းဆိုလိုက်ပါတယ်။

အဲဒီလိုလုပ်ပေးရင်  အကျဉ်းသားတွေဆီ အစားအသောက်နဲ့ ဆေးဝါးတွေ ပို့ဆောင်ပေးဖို့ ကြက်ခြေနီရဲ့ တောင်းဆိုမှုတိုင်းအပေါ် အပြုသဘော တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေက ဂါဇာမှာ “အငတ်ဘေးရဲ့ အဆိုးဆုံးဖြစ်နေပြီ” လို့ ထုတ်ပြန်နေချိန် အာဟာရချို့တဲ့မှုကြောင့် သေဆုံးမှုတွေကို နေ့စဉ်ကြားသိရနေချိန်မှာ ပိန်ချုံးနေတဲ့ ဓားစာခံတွေရဲ့ ပုံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024