Home
နိုင်ငံတကာ
အမေရိကန်၊ အစ္စရေးတို့၏ ဂါဇာအကူညီပေးရေးက အငတ်ဘေးဖြစ်စေဟု ကုလ စွပ်စွဲ
DVB
·
August 4, 2025
Photo: Steve Witkoff via X/Handout via REUTERS

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အကူညီပေးရေးအစီအစဉ်ဟာ ဂါဇာမှာ ငတ်မွတ်မှုတွေ ပိုပြီး ဖြစ်စေနိုင်ကြောင်း ကုလသမဂ္ဂက စွပ်စွဲလိုက်ပါတယ်။ 

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဂါဇာလူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) ရဲ့ အကူအညီပေးရေးစနစ်က လူပေါင်း ၁,၄၀၀ နီးပါး ငတ်မွတ်ပြီး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂကယ်ဆယ်ရေးနဲ့ လုပ်ငန်းများဆောင်ရွက်ရေးအေဂျင်စီ (UNRWA) အကြီးအကဲက ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

UNRWA ရဲ့ ကော်မရှင်နာ ဖီလစ်လာဇာရီနီက GHF အဖွဲ့ဟာ UNRWA ရဲ့ ရိက္ခာပေးပို့မှုတွေကို မတ် ၂ ရက်ကတည်းက ပိတ်ပင်ထားပြီး ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို တမင်တကာ ဟန့်တားတာလို့ စွပ်စွဲထားပါတယ်။ 

လာဇာရီနီက“ဂါဇာမှာ ကုလရဲ့အစီအစဉ်တွေကို GHF ရဲ့ အစီအစဉ်တွေနဲ့ အစားထိုးတာက လူတွေလုပ်တဲ့ ဂါဇာ အငတ်ဘေးဆိုက်မှုကို ဖြစ်စေတာပါ။ အဲဒီစနစ်က လူပေါင်း ၁,၄၀၀ နီးပါးကို အငတ်ဘေးဆိုက် သေဆုံးစေခဲ့တာဖြစ်လို့ ဒီအတွက် တာဝန်ယူမှု ရှိရပါမယ်”လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဖော်ပြချက်တွေအရ မေ ၂၇ ရက်ကတည်းက ပါလက်စတိုင်းတွေဟာ စားနပ်ရိက္ခာရှာဖွေရင်း လူပေါင်း ၁,၃၇၃ ယောက်ထက်မနည်းသေဆုံးတယ်လို့ သိရပါတယ်။

အစ္စရေးတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၈၅၉ ယောက်ဟာ GHF ရိက္ခာပေးဝေတဲ့ နေရာတွေအနီးမှာ သေဆုံးခဲ့တာဖြစ်ပြီး ၅၁၄ ယောက်က ရိက္ခာတွေသယ်ဆောင်လာတဲ့ ယာဉ်လမ်းကြောင်းတလျှောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဂါဇာလူသားချင်းစာနာမှု ဖောင်ဒေးရှင်း GHF ကို အစ္စရေးရဲ့ ထောက်ခံချက်နဲ့ မေလအကုန်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဂါဇာမှာရှိတဲ့ နေရာ ၄ နေရာကို ရိက္ခာပံ့ပိုးမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

မျက်မြင်သက်သေတွေကတော့ မျှော်လင့်ချက်မရှိတဲ့ ပြည်သူတွေဟာ ထောက်ပံ့မှုတွေရရှိဖို့ ကြိုးစားရင်း သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတာက ဖရိုဖရဲဖြစ်စဉ်တခုလို့ ဆိုပါတယ်။

ဇူလိုင် ၃၀၊ ၃၁ ရက် မှာလည်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် လာဇာရီနီရဲ့ သတိပေးချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီရက်တွေမှာ အကူအညီပေးရေးလမ်းကြောင်းအနီး ပါလက်စတိုင်း ၁၀၅ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၆၈၀ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

လာဇာရီနီက ဒီထက်ပိုပြီး အချိန်မဖြုန်းပါနဲ့၊ အငတ်ဘေးဆိုက်ပြီးသေဆုံးမှုတွေကို ကာကွယ်ဖို့ နယ်စပ်ပိတ်ထားမှုတွေကို ခြွင်းချက်မရှိ ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013