
စစ်ကောင်စီ လော်ဘီတွေရဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရေးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂ UN မှာ ဆက်လက်ကိုယ်စားပြုခွင့်ရရေးတို့အတွက် အမေရိကန်ပြည်နယ် ၅၀ ရောက် မြန်မာတွေ စုပေါင်းပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီလော်ဘီတွေရဲ့ လုပ်ရပ်တွေကို တုံ့ပြန်ရေးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း UN မှာ ဆက်လက်ကိုယ်စားပြုခွင့်ရရေးတို့အပါအဝင် မြေပြင်က ပြည်သူတွေရဲ့ အခက်အခဲကို နိုင်ငံတကာအစိုးရတွေ ပိုသိလာအောင် ဆောင်ရွက်ကြဖို့ ဆွေးနွေးပွဲကို ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်နယ် ၅၀ ရောက် မြန်မာတွေရဲ့ ပထမအကြိမ်ဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး လာမယ့် ဩဂုတ် ၉ ရက်နေ့မှာ တကမ္ဘာလုံးက မြန်မာ့အရေးဆောင်ရွက်သူတွေ ပူးပေါင်းပါဝင်မယ့် Global Seminar ကို ခေါ်ယူသွားဖို့ရှိနေပါတယ်။
မခင်သီရိနန္ဒာစိုး (ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားပြည်နယ်) က “ဒီမြေရှားသတ္တုတွေနဲ့ ပတ်သက်ပြီးတော့ စေ့စပ်ပေးဖို့ကို လော်ဘီလုပ်နေတဲ့သူတွေ ရှိလာတယ်ပေါ့နော်။ ဒီအပေါ်တွေမှာ ကျမတို့တွေက ပြန်လည်ပြီးတော့မှ တုံ့ပြန်ဖို့အတွက် လုပ်ဆောင်ကြဖို့အတွက်ကို ဆွေးနွေးကြတာတွေပါတယ်။ ကျမတို့ဟာ အရှေ့မှာ ဆွေးနွေးသွားတဲ့ ပြည်သူလူထုရဲ့ ပေါ်လစီအပေါ်ကနေပြီးတော့ ကျမတို့တွေ ချဉ်းကပ်သွားမှာဖြစ်တယ်။ အဲ့ဒီအချက်တွေက အဓိက ပါဝင်ပါတယ်။ နောက်တချက်က UNGA နဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြည်သူလူထုကို ဆက်လက်ပြီး ကိုယ်စားပြုနိုင်ဖို ကျမတို့တွေ ဆက်လက်လုပ်ဆောင်သွားဖို့အတွက် အစည်းအဝေးခေါ်ယူဖို့တွေကိုလည်း ဆွေးနွေးသွားကြတယ်၊ တက်ရောက်လာတဲ့ အင်အားစုတွေမှာကတော့ US တင်မကဘဲနဲ့ ဩစတြေးလျ၊ ဥရောပဘက်က အင်အားစုတွေပါဝင်သလို မြေပြင်အင်အားစုတွေလည်း တက်ရောက်လာကြတယ်ပေါ့နော်၊ ကျမတို့တွေအနေနဲ့ Global Seminar တွေကို ဆက်လက်ပြီးတော့ ခေါ်ဆောင်သွားဖို့တွေလည်းရှိပါတယ်” လို့ ပြောပါတယ်။
ပြည်နယ် ၅၀ ရောက် မြန်မာတွေ ပါဝင်မယ့် ဆွေးနွေးပွဲကို စတင်တုန်းက အမေရိကန်အစိုးရနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေရရှိရေး၊ ဝါရှင်တန်ဒီစီအခြေစိုက် NGO တွေအကြားမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရေး၊ အမေရိကန်လွှတ်တော်အသီးသီးကို ချဉ်းကပ်ရာမှာ မဲဆန္ဒရှင် မြန်မာနွယ်ဖွားတွေရဲ့ ပူးပေါင်းမှုပိုရရေး၊ သတင်းမီဒီယာတွေကနေ မြန်မာ့အရေးကို ပိုဖော်ပြနိုင်ရေး စတဲ့အချက်တွေကို ဦးတည်ခဲ့တာပါ။ ဒါပေမဲ့ ဆွေးနွေးပွဲကာလမှာပဲ အမေရိကန်နိုင်ငံရေးမှာ စစ်ကောင်စီဘက်က လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိလာတဲ့အပေါ် ဆွေးနွေးချက်တွေကို ထပ်ပြီးဖြည့်စွက်လာကြရတာဖြစ်ပါတယ်။
ဦးကိုကိုလေး (Learn and Share) က “နံပါတ် ၁ ကတော့ တလခွဲကြာခဲ့တဲ့ ဒီဆွေးနွေးပွဲရဲ့ လူထုရေးရာ ပေါ်လစီတွေကို လူသိရှင်ကြားဖြစ်အောင် ထုတ်ပြန်ပါမယ်။ ဒါတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ ကြေညာချက်ကိုလည်း ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအချက်တွေအကုန်လုံးကို အစိုးရတွေရော၊ ကုလသမဂ္ဂရော၊ ရှိရှိသမျှ အင်စတီကျူးရှင်းတွေအားလုံးသိအောင် ဖြန့်ဝေသွားမယ်၊ လူထုကလည်းသိအောင် ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ ၂ အချက်ကတော့ ပထမဦးဆုံးအကြိမ် Global Meeting ဩဂုတ် ၉ ရက်နေ့မှာ ခေါ်မှာဖြစ်တယ်၊ အဲ့ဒီမှာ ဦးကျော်မိုးထွန်း မိမိနေရာပြန်လည်ရရှိရေးအတွက် အားလုံးဆွေးနွေးတိုင်ပင်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ UNGA စမှာက စက်တင်ဘာ ၆ ရက်နေ့ဆိုတော့ ကျနော်တို့ အချိန် တလထက်နည်းသွားပြီပေါ့နော်၊ အဲ့ဒါကြောင့် ဒီ ၂ ချက်ကို ကျနော်တို့ အဓိကထားလုပ်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
Burma Act ကို ပိုအားကောင်းစေမယ့် BRAVE Burma Act ၊ Burma GAP Act နဲ့ No New Burma Funds Act ဥပဒေကြမ်း ၃ ခုကို အမေရိကန်ကွန်ဂရက်လွှတ်တော်ကော်မတီတွေက အတည်ပြု ဇူလိုင် ၂၂ ရက်နေ့တရက်တည်းမှာ အတည်ပြုခဲ့သလို နောက်ရက်မှာပဲ သမ္မတထရမ့်ပ်အစိုးရက စစ်ကောင်စီ နဲ့ ဆက်စပ်သူ ၃ ယောက်ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ ဖယ်ရှားပေးခဲ့တာပါ။
ဒီလိုအခြေအနေမှာ အခွင့်အရေးယူဖို့ အဆင်သင့်ရှိနေတဲ့ လော်ဘီတွေရဲ့ခြေလှမ်းကို မျက်ခြည်မပြတ်စောင့်ကြည့်နေတယ်လို့ အစည်းအဝေးမှာပါဝင်တဲ့ မြန်မာ့အရေးတက် ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ကိုရင်အေး(Save Myanmar-USA) က “သူတို့ဘက်က ငွေကြေးကို အရမ်းသုံးပြီးတော့ လော်ဘီကျွမ်းကျင်သူတွေကို ငှားတယ်၊ သန်းနဲ့ချီသုံးပြီးတော့ လော်ဘီတွေနဲ့လုပ်တဲ့အခါမှာ ဖြစ်ချင်တော့ ထရမ့်ပ်ကလည်း သိတဲ့အတိုင်းပဲ၊ စီးပွားရေးကိုပဲ ခေါင်းထဲမှာရှိပြီးတော့ စီးပွားရေးကို ဦးစားပေးတဲ့သမ္မတ၊ နောက် အမေရိကန် ပထမဆိုပြီး သွားနေတဲ့အခါကြတော့ အမေရိကန်အကျိုးစီးပွားနဲ့ပတ်သက်ရင် ဘာပဲဖြစ်ဖြစ် သူလုပ်မယ်ဆိုတဲ့အနေအထားမှာ သူတို့က အကျိုးစီးပွားကို မက်လုံးပေးပြီးတော့ ဆွယ်ပြီးတော့ ချဉ်းကပ်တာမျိုးဖြစ်လာတယ်။ အဲ့ဒါကို ကျနော်တို့ပြန်ပြီးတော့ ခုခံနိုင်မယ့် တခုတည်းသောနည်းလမ်းက ပြောရရင် ပြည်သူ့ပေါ်လစီဆိုတာပဲရှိတယ်။ အဓိကကတော့ ကျနော်တို့ပြည်သူလိုချင်တာ ဒါမဟုတ်ဘူး၊ စစ်ကောင်စီကိုလုံးဝလက်မခံဖို့၊ လုံးဝအသိအမှတ်မပြုဖို့၊ စစ်ကောင်စီလုပ်ခဲ့တဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ထိထိရောက်ရောက်ပြန်ပြီးတော့ အရေးယူနိုင်ဖို့ဆိုတာ ဒါက ပြည်သူလိုချင်တာ၊ ပြည်သူလိုချင်တဲ့ ပြည်သူ့ပေါ်လစီကိုပဲ ကျနော်တို့က ထင်ထင်ရှားရှားဖြစ်အောင် ကျယ်ကျယ်လောင်လောင်ဖြစ်အောင် ကြိုးစားပြီးတော့ သွားကြရတော့မယ်ဆိုတဲ့ အနေအထားမျိုးပေါ့နော်” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အစိုးရအချင်းချင်း ဆက်ဆံတဲ့အသွင်နဲ့ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို ချဉ်းကပ်ဖို့ကြိုးစားနေသလို အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေကလည်း သက်ဆိုင်ရာပြည်နယ် မဲဆန္ဒနယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် မြန်မာ့အရေးကို အသိပေးဆွေးနွေးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာနွယ်ဖွား ခန့်မှန်းခြေ ၃ သိန်းကျော်ရှိနေပြီး မြန်မာ့အရေးမှာ ပါဝင်ဆောင်ရွက်မှု ပိုအားကောင်းလာအောင် ပြည်သူအချင်းချင်း စည်းရုံးရေးလုပ်ငန်းတွေလည်း ဆောင်ရွက်ဖို့ လိုအပ်နေတာပါ။
အမေရိကန်ရောက်မြန်မာနွယ်ဖွားတွေဟာ လူမျိုးစုအလိုက်၊ ဘာသာရေးအလိုက်အစုအဖွဲ့တွေနဲ့ ပြည်တွင်းအတွက် ရန်ပုံငွေရှာဖွေတာ၊ တတ်နိုင်တဲ့နည်းလမ်းနဲ့ ထောက်ပံ့တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမဲ့ အမေရိကန်အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးသမားတွေကို ချဉ်းကပ်ဆက်ဆံနိုင်ရေးတို့မှာတော့ အားနည်းမှုတွေရှိခဲ့တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
သုတချမ်းသာ