Home
နိုင်ငံတကာ
ဂါဇာကို အလုံးစုံသိမ်းရန် နေတန်ယာဟု ဆုံးဖြတ်ထား
DVB
·
August 5, 2025
Photo: Jack Guez/via Reuters

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးနောက်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံသိမ်းပိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်လို့ သတင်းဌာနကြီးတချို့က ဖော်ပြပါတယ်။

အစီအစဉ် အသေးစိတ်ကို နိုင်ငံတော်လုံခြုံရေးကက်ဘိနက် (NSC) အစည်းအဝေးမှာ တင်ပြမှာဖြစ်ပြီး ဩဂုတ် ၅ ရက် ဒီကနေ့ ကျင်းပဖို့ရှိတယ်လို့ ဆိုပါတယ်။

နေတန်ယာဟုက “ရန်သူကို အောင်နိုင်ရေး၊ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ ဂါဇာဟာ အစ္စရေးအတွက် ခြိမ်းခြောက်မှုတရပ်အဖြစ် ဆက်မရှိတော့ရေးအတွက် ကျုပ်တို့ စစ်ပွဲရည်မှန်းချက် အားလုံးကို အောင်မြင်ဖို့ အတူဆက်လက်တိုက်ပွဲဝင်ရပါမယ်။ ဒီတပတ်နှောင်းပိုင်းမှာ ဒီရည်မှန်းချက် သုံးခုစလုံးကို ခြွင်းချက်မရှိ အောင်မြင်အောင် ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ IDF ကို ညွှန်ကြားဖို့ ကက်ဘိနက် အစည်းအဝေး ခေါ်ယူမှာ ဖြစ်ပါတယ်” လို့ တရားဝင် ကြေညာပါတယ်။

အစ္စရေးအစိုးရဟာ စစ်ပြီးကာလအတွက် အစ္စရေးစစ်တပ်က ဂါဇာရဲ့ လုံခြုံရေးကို ဆက်လက်ထိန်းချုပ်မယ့် အစီအစဉ်တွေကို စဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒီအဆိုပြုချက်တွေထဲမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်နဲ့ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေရဲ့ တည်ရှိမှုကို အတိအလင်း ဖယ်ထုတ်ထားပါတယ်။

ဒီအစီအစဉ်ကြောင့် အစ္စရေးစစ်တပ် (IDF) စစ်ဦးစီးချုပ် အီယာလ် ဇာမီရ်နဲ့ သိသိသာသာ တင်းမာမှုတွေ ဖြစ်စေခဲ့ပြီး အစီအစဉ်ကို သဘောမတူရင် ရာထူးကနေ နုတ်ထွက်သင့်တယ်လို့ ပြောကြားခံခဲ့ရတယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ် (IDF) ဘက်ကတော့ မြေပြင်ထိုးစစ်ကို တိုးချဲ့တာဟာ ကျန်ရှိနေသေးတဲ့ ဓားစာခံတွေကို အန္တရာယ်ဖြစ်စေနိုင်ပြီး အစ္စရေးကိုလည်း ကာလရှည်တိုက်ပွဲထဲ ဆွဲသွင်းသွားမှာကို စိုးရိမ်နေပါတယ်။

ဓားစာခံမိသားစုတွေကတော့ ပိုကျယ်ပြန့်တဲ့ စစ်ဆင်ရေးဟာ သူတို့ချစ်ခင်ရသူတွေအတွက် အသက်အန္တရာယ် ဖြစ်စေနိုင်လို့ သဘောတူညီချက်တခု ရဖို့ကို ဦးစားပေးလုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်းနေကြပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ ဂါဇာဒေသရဲ့ ဆိုးရွားလှတဲ့ လူသားချင်းစာနာမှု အခြေအနေကို အရင်ဖြေရှင်းပေးမှသာ နောက်ထပ်ဆွေးနွေးမှုတွေ ပြန်စနိုင်မယ်လို့ ပြောထားပါတယ်။

အကူအညီပေးရေးအဖွဲ့တွေရဲ့ အဆိုအရ အာဟာရချို့တဲ့မှုနဲ့ အငတ်ဘေးကြောင့် သေဆုံးမှုတွေဟာ စိုးရိမ်ဖွယ်ရာအဆင့်အထိ ရောက်ရှိနေပြီး လူသားချင်းစာနာမှု အကျပ်အတည်းက ပိုမိုဆိုးရွားလာနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013