
အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်မှု အဆင်ပြေ ချောမွေ့စေဖို့ တတ်နိုင်သမျှ ကူညီပေးနေကြောင်း အစ္စရေးသမ္မတ ယစ်တ်ဇ်ဟက်ခ် ဟဲရ်ဇော့ခ်က သြဂုတ် ၆ ရက်မှာ ပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်ထဲကို အကူအညီတွေ သွားဖြန့်ဝေဖို့ ကုလသမဂ္ဂက ပျက်ကွက်နေတဲ့ ပြဿနာကိုလည်း ထပ်လောင်း ထောက်ပြခဲ့ပါတယ်။
ဟဲရ်ဇော့ခ်ဟာ နိုင်ငံ ၂ ခု ဖြေရှင်းနည်းနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်ကိုလည်း သူ့ရဲ့ အက်စ်တိုးနီးယား ခရီးစဉ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“အခုလောလောဆယ်မှာ နိုင်ငံ ၂ ခု ဖြေရှင်းနည်း အယူအဆ တခုလုံးဟာ အချည်းနှီးသာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတရား တခုလုံးကို ဆိုးရွားစေလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အက်စ်တိုးနီးယား ခေါင်းဆောင်ပိုင်းရဲ့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို ကြိုဆိုပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေဟာ အကြမ်းဖက်သူတွေအတွက် ဆုလာဘ်တခု ဖြစ်လာနိုင်တယ်လို့လည်း ပြောဆိုပါတယ်။
ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်ဆိုရင် အစ္စရေးအမြင်အရ လုံခြုံရေး၊ နယ်နိမိတ်၊ လူမျိုးရေး စတဲ့အချက်တွေကြောင့် အန္တရာယ် ဖြစ်လာနိုင်တာတွေကို စိုးရိမ်နေကြပြီး အောက်တိုဘာ ၇ ရက် ဖြစ်ရပ်ကြောင့် ပိုပြီး စိုးရိမ်နေကြတာပါ။
ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်တခုအပေါ် သဘောတူညီချက်တွေ ရရှိနိုင်ပြီး တနေ့နေ့မှာ အကြမ်းဖက် အဖွဲ့အစည်းတခုက နယ်ကျော်ကူးလာပြီး ခုတ်ထစ်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုတွေနဲ့ ဓားစာခံ ဖမ်းဆီးသွားတာတွေ ရှိနိုင်တယ်လို့ အစ္စရေးသမ္မတ ယစ်တ်ဇ်ဟက်ခ် ဟဲရ်ဇော့ခ်က ပြောပါတယ်။
“ပြီးတော့ ကမ္ဘာကြီးက ရှုတ်ချတယ်၊ ထောက်ခံတယ်ပဲ လုပ်နေပြီး ဘာမှ သိပ်မလုပ်တတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ချင်ရင် လိုဏ်ခေါင်းထဲမှာ၊ အရမ်းရှုပ်ထွေးတဲ့မြေပြင်မှာ စစ်တိုက်ရမယ်။ တိုက်ခိုက်ရတဲ့အခါ မင်းဟာ သူတော်ကောင်းဟန်ဆောင်တဲ့ ချဉ်းကပ်နည်းမျိုးစုံကို ချက်ချင်းရင်ဆိုင်ရလိမ့်မယ်။”
အစ္စရေးသမ္မတ ဟဲရ်ဇော့ခ်က “ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေကို ကူညီဖို့ လူသားချင်းစာနာထောက်ထားမှု လိုအပ်နေတာကို ရှောင်လွှဲမနေပေမဲ့ အဲဒီလိမ်ညာမှုထဲကို ကမ္ဘာကြီး မကျရောက်သွားပါစေနဲ့လို့ တောင်းဆိုပါတယ်။ ဟားမတ်စ်ကို ရှုတ်ချပြီးတော့ သူတို့ ဆက်သွားချင်သေးလားလို့ မေးလိုက်စမ်းပါ။ ဓားစာခံတွေကို လွှတ်ပေးပါတော့” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း အစ္စရေးဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချဉ်းကပ်မှု အခြေအနေ တခုလုံးကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တန်ချိန် ၃၀,၀၀၀ လောက်ရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများအပြားကို ဆွဲထုတ်ပြီး စေလွှတ်ပေးခဲ့ရကြောင်းလည်း ပြောဆိုပါတယ်။
ကုလသမဂ္ဂမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး မော်တော်ယာဉ်တွေ ၈၀၀ လောက် ရှိထားပြီး မဖြန့်ဝေရသေးတာကြောင့် လုပ်ဆောင်စရာတွေ အများကြီးရှိနေတယ် လို့လည်း ပြောသွားပါတယ်။
Source: Reuters