
အစ္စရေးရဲ့ ရည်မှန်းချက်ဟာ ဂါဇာကမ်းမြောင်ကို သိမ်းပိုက်ဖို့မဟုတ်ဘဲ ဂါဇာကို ဟားမတ်စ် လက်မှ လွတ်မြောက်ဖို့နဲ့ အဲဒီနေရာမှာ ငြိမ်းချမ်းတဲ့ အစိုးရတရပ်ကို ထူထောင်ဖို့ဖြစ်ကြောင်း သြဂုတ် ၈ ရက်က ဂျာမန်အဓိပတိ ဖရီးဒရစ်ဂျ်မာ့ဇ်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
“ကျနော်တို့က ဂါဇာကို သိမ်းပိုက်မှာ မဟုတ်ပါဘူး။ ဂါဇာကို ဟားမတ်စ်တွေလက်ကနေ လွတ်မြောက်အောင် လုပ်မယ်။ ဂါဇာကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းတဲ့ အရပ်သားအုပ်ချုပ်ရေးကို ထူထောင်မှာပါ။ အဲဒါဟာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့လည်း မဟုတ်၊ ဟားမတ်စ်လည်း မဟုတ်တဲ့အပြင်၊ တခြားအကြမ်းဖက်အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ ဓားစာခံတွေကို လွတ်မြောက်စေပြီး ဂါဇာကမ်းမြောင်ဟာ အစ္စရေးကို အနာဂတ်မှာ ဘာခြိမ်းခြောက်မှုမှ မဖြစ်စေအောင် အကူအညီပေးမှာ ဖြစ်ပါတယ်။”
ဝန်ကြီးချုပ် နေတန်ယာဟုဟာ ညနေပိုင်းမှာ ဂျာမန်အဓိပတိ ဖရီးဒရစ်ဂျ်မာ့ဇ်နဲ့ စကားပြောခဲ့ပြီး အစ္စရေးကို လက်နက်ရောင်းချတင်ပို့မှု ရပ်ဆိုင်းဖို့ ဘာလင်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်းလည်း မာ့ဇ်ကို နေတန်ယာဟုက ပြောကြားခဲ့တယ်လို့လည်း အစ္စရေးဝန်ကြီးချုပ်ရုံးရဲ့ လူမှုကွန်ရက် X ပို့စ်မှာ ပြောထားပါတယ်။
ဒုတိယကမ္ဘာစစ်ကာလက ဂျူး ၆ သန်းကျော် သုတ်သင်ခံရပြီးကတည်းက ဂျူးလူမျိုးတွေအပေါ် အဆိုးရွားဆုံး တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ ဟားမတ်စ်ကို အစ္စရေးက တရားသောစစ်ဆင်နွှဲနေတာကို ထောက်ခံပံ့ပိုးရမယ့်အစား ဂျာမနီဟာ အစ္စရေးကို လက်နက်စီးဆင်းမှု ပိတ်ပင်လိုက်ခြင်းအားဖြင့် ဟားမတ်စ် အကြမ်းဖက်ဝါဒကို ဆုလာဘ် ချီးမြှင့်လိုက်တာပဲလို့ ဖော်ပြထားပါတယ်။
Source: Reuters