
အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီဟာ ဂျာဗားအလယ်ပိုင်း ပြည်နယ်ရှိ တရားမဝင် ရေနံတွင်းတခုမှာ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ အခက်အခဲ ကြုံနေရကြောင်း တာဝန်ရှိသူတယောက်က သြဂုတ် ၁၉ ရက်မှာ ပြောပါတယ်။
သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၃ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး လူ ၇၅၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဂျာဗားအလယ်ပိုင်းပြည်နယ်ရဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။
လူနေထူထပ်တဲ့ ဧရိယာမှာရှိတဲ့ ရေတွင်းကနေ ရေနံထုတ်ယူမှုကို ဒေသခံတွေက လုပ်ဆောင်ခဲ့ပြီး ဘလိုရာခရိုင်ရဲချုပ်က ဒါဟာ တရားမဝင်ရေနံတွင်း ဖြစ်တယ်လို့ အတည်ပြုကြောင်း အင်္ဂါနေ့က မီဒီယာကို ပြောပါတယ်။
ရေတွင်းတဝိုက်မှာ နေထိုင်တဲ့ ဒေသခံတွေကို ယာယီခိုလှုံရေး ဂေဟာတွေနဲ့ အနီးနားရှိ အစိုးရ အဆောက်အအုံတွေဆီ ရွှေ့ပြောင်းပေးခဲ့ပြီးတော့ မြေကြီးကိုသုံးပြီး မီးငြှိမ်းသတ်နိုင်ဖို့ ဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီက မြေတူးမြေကော်စက် ၄ ခု ချထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ရေနံထုတ်လုပ်မှုကို တိုးမြှင့်ဖို့ ရည်ရွယ်ပြီး ကုမ္ပဏီငယ်တွေကို ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ပေးတဲ့ နည်းဥပဒေကို ထုတ်ပြန်ခြင်းအားဖြင့် ရပ်ရွာရေနံတွင်းတွေကို တရားဝင်ဖြစ်စေဖို့ အစိုးရက လှုံ့ဆော်နေချိန်မှာပဲ ဒီဖြစ်ရပ် ပေါ်လာတာ ဖြစ်ပါတယ်။
Source: Reuters