Home
နိုင်ငံတကာ
အင်ဒိုနီးရှား ခရီးသည်တင်သင်္ဘော မီးလောင်ပြီး လူ ၅ ဦး သေဆုံး၊ ရာနှင့်ချီဒဏ်ရာရ
DVB
·
July 21, 2025
Photo: NORTH SULAWESI BASARNAS

အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသည်တင်သင်္ဘော မီးလောင်ကျွမ်းမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် အပါအဝင် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့အရ သိရပါတယ်။

KM Barcelona 5 အမည်ရ ကူးတို့သင်္ဘာဟာ မြောက်ဆူလာဝေစီပြည်နယ်မှာရှိတဲ့ တာလောက် ကျွန်းခရိုင်ကနေ မာနာဒို မြို့တော်ဆီကို ဦးတည်မောင်းနှင်လာခဲ့တာပါ။

အဲဒီနောက် ဇူလိုင် ၂၀ ရက်က တာလိစ်ကျွန်းအနီး ရေပြင်မှာ သင်္ဘောပေါ်  မီးလောင်ခဲ့ပြီး ခရီးသည် ၅၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပေမဲ့လည်း ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားရာသင်္ဘောရဲ့ ပဲ့ပိုင်း-အနောက်ဘက်မှာ မီးစတင်လောင်ကျွမ်းပြီးနောက် အသက်ကယ်အင်္ကျီတွေနဲ့ ခရီးသည်အများအပြားဟာ ရေထဲခုန်ချရင်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပါတယ်။

ဒီဖြစ်ရပ်အတွင်း ငါးဖမ်းသင်္ဘောတချို့ဟာ လွတ်မြောက်လာတဲ့ ခရီးသည်တွေကို အနီးတဝိုက် ကျွန်းတွေဆီ ရွှေ့ပြောင်းပေးခဲ့သလို ဒဏ်ရာရသူတွေကိုလည်း အနီးစပ်ဆုံး ကျန်းမာရေးဌာနတွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီဖယ်ရီသင်္ဘောရဲ့ ခရီးသည်စာရင်းထဲမှာ မူလက အယောက် ၂၈၀ နဲ့ ဝန်ထမ်း ၁၅ ယောက်သာ ပါဝင်ကြောင်း ဖော်ပြထားပေမဲ့လည်း အသက်ရှင်ကျန်ရစ်သူ အရေအတွက်ကိုတော့ ၅၆၈ ယောက် ရှိတယ်ဆိုပြီး အတည်ပြုပါတယ်။

ဒါဟာ ကူးတို့သင်္ဘောတွေရဲ့ ခရီးသည်တင်ဆောင်နိုင်တဲ့ ပမာဏအရ အယောက် ၆၀၀ အထိ ရှိတာကြောင့် အခုလိုမျိုး မူရင်းစာရင်းနဲ့ ကွာဟလေ့ရှိတယ်လို့ ဆိုပါတယ်။

အခုလ အစောပိုင်းတုန်းကလည်း နာမည်ကျော် အပန်းဖြေကျွန်း ဘာလီရဲ့အနီးမှာ လူ ၁၉ ယောက်ထက်မနည်း သေဆုံးစေခဲ့တဲ့ သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် အလားတူ ဖြစ်ရပ်ဆိုးကြီးနဲ့ ထပ်မံကြုံတွေ့ခဲ့ရတာပါ။

အင်ဒိုနီးရှားဟာ ကျွန်းပေါင်း ၁၇,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံ ဖြစ်တဲ့အလျောက် ခရီးသွားလာရာမှာ ကူးတို့သင်္ဘောတွေ အသုံးများပါတယ်။

ဒီလိုမျိုး မတော်တဆမှုတွေ မကြာခဏ ကြုံလာရတဲ့အခါ ရာသီဥတုဆိုးရွားမှုနဲ့ လုံခြုံရေးစံနှုန်းတွေအပေါ်  အပြစ်ဖို့လေ့ရှိတယ်ဆိုပြီး ထောက်ပြထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013