
ရေကြီးနေတဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့မှာ စစ်ကောင်စီရဲ့ စီစဥ်ပေးမှုနဲ့ ဒီကနေ့ မနက် ၇ နာရီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ PDF အဖွဲ့ကို အမျိုးသားရေး ဦးဆောင်သူတွေနဲ့ ဘုန်းကြီးတွေက လမ်းလျှောက် ဆန္ဒပြကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်မှာ နေ့စားခယူပြီး ဆန္ဒပြနေကြ အဖွဲ့တွေဖြစ်တဲ့ နေပြည်တော် အမျိုးသားရေးအဖွဲ့နဲ့ မြန်မာ့အမျိုးသားရေးကွန်ရက်အဖွဲ့က ဦးဆောင်ပြီး မြို့မစျေးကနေ မြို့တော်ခန်းမအထိ လမ်းလျှောက် ဆန္ဒပြခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“နေပြည်တော်မှာ ဆန္ဒပြတိုင်း ဒီလူတွေ အမြဲတွေ့တယ်။ နေ့စားခယူပြီး ဆန္ဒပြစားနေတဲ့သူတွေ။ သူတို့အဖွဲ့ရဲ့ အမှတ်အသားက ဟိုက်ဂျက်ကားတွေ၊ ဟိုက်ဂျက်ကားတွေ စုနေပြီ၊ ဆန္ဒပြတော့မှာ၊ ဒီနေ့မနက် ဘုန်းကြီးတွေက ဒါယိကာမတွေကို ကားနဲ့ခေါ်လာတာ၊ ဘယ်ကခေါ်လာလဲမသိဘူး၊ စုရပ်ရောက်မှ အော်ရမယ့်စာရွက်တွေ ထုတ်ပေးတာ။”
ဆန္ဒပြအဖွဲ့တွေဟာ မြို့မစျေးကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒပြကြပြီး လမ်းတလျှောက် ဂုတ်ထိပ်တံတားကို TNLA နဲ့ PDF က ဗုံးခွဲဖျက်ဆီးတဲ့အပေါ် မကျေနပ်ကြောင်း အော်ဟစ် ပြောဆိုသွားတယ်လို့ သူကပြောပါတယ်။
လယ်ဝေးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေတက်နေပြီး မြစ်ချောင်းနဲ့ နီးကပ်နေတဲ့ ကျေးရွာက ဒေသခံတွေ ပြောင်းရွှေ့နေရချိန်လည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“အခုလို နေပြည်တော်မှာ ရေကြီးနေတဲ့အချိန် ဒေသခံတွေ ပြောင်းရွှေ့ပေးဖို့ မလုပ်ဘဲ စစ်တပ်က ဆန္ဒပြပွဲ စီစဥ်တာ မဖြစ်သင့်ဘူး။ ဇေယျာသီရိ ပျဥ်းမနား၊ ပုပ္ဗသီရိ ပျဥ်းမနားနဲ့ လယ်ဝေးမှာ ရေအတော်လေး တက်နေတယ်။ လယ်ဝေးမှာလည်း မြစ်ကမ်းနဲ့နီးတဲ့ရွာတွေ ပြောင်းပေးနေရတယ်။ အဲ့ဆန္ဒပြပွဲကို ဘယ်သူမှ စိတ်မဝင်စားဘူး။”
ပြီးခဲ့တဲ့ သြဂုတ် ၁၈၊ ၁၉ နဲ့ ၂၀ ရက်ကလည်း ကျောက်မဲ၊ သီပေါနဲ့ သိန္နီမြို့ကနေ MNDAA နဲ့ TNLA အဖွဲ့ ထွက်သွားဖို့ စစ်ကောင်စီရဲ့ စီစဥ်ပေးမှုနဲ့ တောင်ကြီး၊ နမ့်စန်၊ ကွန်ဟိန်းနဲ့ လွိုင်လင်မြို့မှာ ဒေသခံတွေက ဆန္ဒပြခဲ့တာလည်း ရှိပါတယ်။