
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA)ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက်တဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို လက်နက်ကိရိယာနဲ့ ငွေကြေးကူညီမှာ မဟုတ်တော့ဘူးလို့ ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့်တပ် MNDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် ( SSPP/SSA) တပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက်တွေ့ပြီး ‘ဝ’ ရဲ့ စစ်ရေးဆုံးဖြတ်ချက်တွေကို ကြေညာခဲ့တာပါ။
‘ဝ’ အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌက လက်ရှိဖြစ်နေတဲ့ စစ်ပွဲနဲ့ မငြိမ်သက်မှုတွေကို အသိပေးပြီး ‘ဝ’ ပြည်နယ်က ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း မဟာမိတ်တွေကို ပြောကြားခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို တက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ ကလည်း ‘ဝ’ ဒေသရဲ့ ကြုံတွေ့နေရတဲ့ အခြေအနေကို နားလည်ကြောင်း ပြန်ပြောခဲ့တယ်လို့ ‘ဝ’ အခြေစိုက် မီဒီယာ Wa News Land မှာ ဖော်ပြပါတယ်။
ရှမ်းမြောက်က မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ‘ဝ’ အနေနဲ့ ကိုးကန့် နယ်မြေဘက်ကို ကုန်စည်တွေမရောက်အောင် တင်းကျပ်ဖို့ တရုတ်က စပြီး ဖိအားပေးခဲ့တာပါ။
ဩဂုတ်လ အစောပိုင်းမှာလည်း စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ‘ဝ’ ဒေသကို သွားခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်စာရင်းမှာ ‘ဝ’ ဒေသက မြို့တွေကို ထည့်သွင်းကြေညာထားပါတယ်။
အဲဒီမြို့တွေမှာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေတုန်းက ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။