
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၁ စစ်ဆင်ရေးနယ်မြေ နည်းဗျူဟာ ၃၃ နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့ ဖွဲ့စည်းကြောင်း ဩဂုတ် ၂၇ ရက်မှာ ကြေညာပါတယ်။
PDF နည်းဗျူဟာ ၃၃ နဲ့ MSRF တို့ဟာ ၂၀၂၃ ဇူလိုင် ၁၄ ရက် စကခ ၁၉ ဒရုန်းစစ်ဆင်ရေးကစပြီး မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။
မဟာမိတ်အဖြစ်ပူးပေါင်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ရေးဖော်ဆောင်မှုပေါင်း အကြိမ် ၄၀ နဲ့ ရန်သူ့စခန်းသိမ်းတိုက်ပွဲပေါင်း ၆ ကြိမ် ထပ်မနည်းဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
၂ နှစ်ကျော်ကြာ အတူတကွ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ခဲ့ပြီး ရဲဘော်ရဲဘက်တွေ အချင်းချင်းကြား သွေးစည်း ညီညွတ်မှု၊ အနစ်နာခံမှု၊ ယုံကြည်မှုတို့နဲ့ ခိုင်မာပြီးတဲ့နောက် ညီနောင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
PDF နည်းဗျူဟာ ၃၃ နဲ့ MSRF ညီနောင်တပ်ဖွဲ့ဟာ စစ်အာဏာရှင်နဲ့ ဘယ် အာဏာရှင်စနစ်မဆို အဆုံးတိုင် လက်တွဲပြီး တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။