Home
မြန်မာသတင်း
တညောင်ရဲစခန်းကို PDF သိမ်းပိုက်၊ ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး စစ်သုံ့ပန်းအချို့ ဖမ်းမိ 
DVB
·
July 31, 2025
Photo: စလင်း ပကဖ

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ တညောင်တိုက်နယ်ရဲစခန်းကို ဇူလိုင် ၃၀ ရက် မနက် ၅ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံး၊ စစ်သုံ့ပန်းအချို့ ဖမ်းဆီးမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း ပကဖ) က ပြောပါတယ်။

စလင်း ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက‌ “တညောင်တိုက်နယ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အခါမှာ တိုက်ခိုက်ချိန် ၃ နာရီခွဲလောက် ကြာခဲ့တယ်။ အဲဒီစခန်းမှာ ရန်သူ့အင်အားခန့်မှန်း ၂၅ နဲ့ ၃၀ ကြားပဲ ရှိတာ။ ကျနော်တို့ဘက်က ပိတ်ဆို့ရေးအဖွဲ့တွေ ချေမှုန်းရေးအဖွဲ့တွေနဲ့ ညီညီညွတ်ညွတ် တိုက်ခိုက်ခဲ့ကြလို့ သူတို့ဘက်ကနေ ရဲအလောင်း ၈ လောင်းနဲ့ လက်နက်ခဲယမ်းတွေ ရတယ်။ ရဲ ၂ ယောက်က မိသားစု ၂ ယောက်နဲ့အတူ လက်နက်ချ အညံ့ခံခဲ့လို့ အရှင်ဖမ်းမိနိုင်ခဲ့တယ်။ ကျန်တဲ့သူတွေကတော့ တညောင်လျှပ်စစ်ဓာတ်အားခွဲရုံဘက်ကို ထွက်ပြေးသွားကြလို့ လိုက်ပြီးပိတ်ဆို့နေတယ်” လို့ ပြောပါတယ်။

အဆိုပါ တညောင်ရဲစခန်းကို သိမ်းပိုက်ရှိပြီးနောက် ရဲစခန်းအတွင်းက အဆောက်အအုံတွေ အပါအဝင် ရဲစခန်းတခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

စလင်း ပကဖ တာဝန်ခံ အမ်ဖိုး က “စခန်းသိမ်းတိုက်ပွဲအတွင်းမှာ သူတို့ဘက်က လက်နက်ကြီး ပစ်ကူတွေနဲ့ လေကြောင်းပစ်ကူတွေ သုံးခဲ့တဲ့ကြားကနေ ရန်သူ့စခန်းကို ရအောင် သိမ်းပိုက်ခဲ့တာ၊ ရန်သူတချို့ ထွက်ပြေးသွားတယ်။ တညောင်လျှပ်စစ်ဓာတ်အားခွဲရုံမှာ တပ်စွဲနေတဲ့ကောင်တွေက လက်နက်ကြီးတွေ ပစ်ကူပေးခဲ့တယ်။ ဂျက်ဖိုက်တာနဲ့က ၃ ကြိမ် ဗုံးကြဲခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်လေးတယောက်ရဲ့ လက်ကို ကျည်ရှပ်ထိလို့ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းကနေ G3 သေနတ် ၅ လက်၊ MA13 သေနတ် ၁ လက်တို့နဲ့အတူ ခဲယမ်းတွေအပါအဝင် ပျက်စီးနေတဲ့ G3 သေနတ် ၂ လက်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကာ ဖမ်းဆီးရမိသူတွေကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

စလင်း ပကဖ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ အဆိုပါ တညောင်တိုက်နယ်ရဲစခန်းက ဒုရဲမှူးအဆင့်ရှိသူ စခန်းမှူးဟာလည်း ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က စလင်း ပကဖ ဆီကို အလင်းဝင်ရောက် ခိုလှုံခဲ့သေးတယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေအပြင် လေကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံတွေကို အထူးပြုလုပ်ထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013