
ဧရာဝတီမြစ်ထဲက စစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် ဗျူဟာအရ သပိတ်ကျင်းမှ ခဏခွာပေးခဲ့တာလို့ မန္တလေးဒေသတွင်း PDF ခေါင်းဆောင်တယောက်ကပြောပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို ပြန်သိမ်းပိုက်နိုင်ပြီလို့ စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ သပိတ်ကျင်းမြို့အနီးက PDF တွေ သိမ်းယူထားတဲ့ ၅ မိုင်နဲ့ ၆ မိုင်စခန်းတွေကို ဇူလိုင်လလယ်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူခဲ့ပြီးနောက် သပိတ်ကျင်းမြို့ကိုပါ ပြန်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက ဧရာဝတီမြစ်ရိုးအတိုင်း တက်လာတဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် သပိတ်ကျင်းမြို့နဲ့ အနီးဝန်းကျင်စခန်းတွေကို ဗျူဟာအရ ခဏခွာပေးခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ ရေယာဉ်တွေကို မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်တွေထဲ ဖြတ်သန်းချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစီး နစ်မြုပ်ပြီး ၃ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မန္တလေး PDF က ဇူလိုင် ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
မတ္တရာ PDF တာဝန်ရှိသူ ဦးတိုး က “သပိတ်ကျင်း ၄ မိုင်၊ ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင် ခဏပြန်ပေးထားတယ်ပေါ့နော်၊ ကိုယ့်ဘက်က ခွာထားပေးတော့ စစ်တပ်က ဝင်သွားတယ်၊ ရေကြောင်းပေါက်သွားတယ် ပြောတယ်။ အဲဒီဟာတော့ အခု Confirm ပြောလို့ရပြီနော်၊ ဗျူဟာအရ ဆုတ်ပေးတယ်ဆိုတာ သူတို့ကို အဲဒီဘက်ကို အင်အားဖြဲထုတ်လိုက်တာပဲ။ သပိတ်ကျင်း ၄ မိုင်၊ ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင်က ကိုယ့်ကစားကွက်ထဲ ဝင်သွားတာ အဲဒီကောင်တွေ၊ ခံစစ်ကြောင်းလေး နည်းနည်းပဲထားပြီး ဟပေးလိုက်ပြီးတော့ ကိုယ့်ဘက်က အထိအခိုက်မှ မရှိတာ၊ သရက်ကိုင်း-မြကန်သာက စကစ ဒေါက်တိုင်နည်းနည်းများတယ်၊ မရှင်းမရှင်း ကိစ္စတွေ ရှိတယ်၊ အဲဒီဟာတွေကို အခုစိစစ်နေရတဲ့ အနေအထားမှာရှိတယ်။ ရောထွေးပြီး ပါလာတဲ့အထဲက အဲဒီမှာ စကစကနေပြီးတော့ အရပ်ဝတ်လဲပြီး လိုက်လာတာ မိထားတာ အဲဒီနေ့မှာ ၃ ကောင်ရှိတယ်၊ နောက်ထပ် ၂ ယောက် တိုးလာတယ်ဆိုတော့ ၅ ကောင် ဖြစ်သွားပြီ” လို့ ပြောပါတယ်။
သပိတ်ကျင်းကို စစ်ကောင်စီ ပြန်ထိန်းလိုက်တဲ့အချိန်နဲ့ တပြိုင်တည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် တိုက်ပွဲတွေမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေက အသာစီးယူခဲ့တာ တွေ့ရပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တိုက်ပွဲတွေအတွင်း မတ္တရာနယ်၊ ထန်းပင်ကုန်းရွာ စစ်ကောင်စီ အခြေစိုက်စခန်း၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းရွာနဲ့ မြကန်သာရွာတွေက စစ်ကောင်စီ အခြေစိုက်စခန်းတွေကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ဇူလိုင် ၂၄ ရက်နေ့မှာ မန္တလေး PDF က ထုတ်ပြန်ပါတယ်။
ပုသိမ်ကြီးမြို့နယ် တိုက်ပွဲဖြစ်စဉ်တွေအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံအများအပြား ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ပုသိမ်ကြီးမြို့နယ်ဒေသခံတယောက်က “ခါးဝတ်ခါးစားလေးပဲ၊ ဒီဘက်ကျမှ ဆန်လေးတွေပေး၊ အဝတ်အစားလေးတွေလည်း ပေးကြတယ်။ ဘာမှမပါခဲ့ဘူး၊ ကလေးတွေ အဝတ်အစားတွေလည်း မပါဘူး။ ဟိုကလေးလေးတွေဆို ဖိနပ်တောင်မပါဘူး၊ ဒီအတိုင်း ပြေးလာရတာ။ ကျမတို့ကတော့ ဒီလိုလေး ကူညီပေးတာလည်း ဝမ်းသာပါတယ်၊ အိမ်ကတော့ ဘာမှပြန်မရလောက်ပါဘူး၊ အကုန်လုံးကြဲတာ အစကနေ ပြန်ထောင်ရမယ့်ပုံ ပေါက်တယ်၊ ကိုယ်လည်း ရှိတာမဟုတ်ဘူး၊ မရှိမဲ့ရှိမဲ့နဲ့ဆောက်တဲ့ အိမ်လေးလည်း ကောင်းမှာ မဟုတ်တော့ဘူး။ ကလေးတွေက ကိုယ့်အသက်လေး ကယ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်၊ PDF လေးတွေ ကျေးဇူးတင်တယ်။ အဲဒါနဲ့ ငါ့သားရယ်လို့ အမေတို့မှာ ဘာမှမပါခဲ့ဘူးလို့၊ ကျမ လမ်းမှာပြောတော့ ကလေးတွေက ဘာပြောတယ်မှတ်လဲ၊ အန်တီရယ် ဘာမှမပါလည်း အသက်လေး လွတ်သွားတာကို အန်တီတို့ ဝမ်းသာရပြီတဲ့” လို့ ပြောပါတယ်။
စစ်ကောင်စီက ပုသိမ်ကြီးနယ်နဲ့ မတ္တရာနယ်တွေမှာ စခန်းတွေ လက်လွှတ်ခဲ့ရပြီးနောက် ပြန်လည်ဖိအားပေး တိုက်ခိုက်နေတာကြောင့် စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီမြစ်ရိုးတလျှောက် မန္တလေးမြို့အထက်အောက် တောက်လျှောက်မှာ တည်ရှိတဲ့ မြင်းခြံ၊ စစ်ကိုင်း၊ မတ္တရာ၊ သပိတ်ကျင်းနယ်တွေကို ဖိအားပေးတိုက်ခိုက်နေတာဖြစ်ပြီး ဧရာဝတီမြစ်ရိုးတလျှောက် ရေလမ်းကို ထိန်းနိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ