
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့အတွက် စစ်ကောင်စီတပ်တွေက မြို့စောင့်တပ်အနည်းငယ်ချန်ထားပြီး ထွက်ခွာသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၂၂ ရက်က စစ်သည်အင်အားများအပြားနဲ့ သပိတ်ကျင်းမြို့ကို ထိုးစစ်ဆင်သိမ်းပိုက် မြို့ထဲဝင်ရောက်လာတာဖြစ်ပါတယ်။
ဇူလိုင် ၂၃ ရက်မနက်မှာတော့ မြို့ရဲ့အထင်ကရ နေရာတွေဖြစ်တဲ့ ဘုရားကုန်း၊ ပြည်သူ့ဆေးရုံ၊ မြို့တော်ခန်းမစတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ပြီးတော့ အနီးနားက ရွာတွေကို စစ်ကြောင်းထိုးဖို့ ထွက်ခွာသွားပြီး မြို့မှာတော့ အစောင့်တပ်တွေထားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းက ၄ မိုင်ကံသာကျေးရွာဘက်ကို ပြန်တက်သွားပြီးတော့ အဲ့ဒီကနယ်မြေခံတပ်ရင်းနဲ့ ပေါင်းကာ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးမှာဖြစ်တဲ့အတွက် သပိတ်ကျင်းမြို့ခံအပါအဝင် အနီးနားကျေးရွာတွေက ဒေသခံထောင်ချီဟာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်။
သပိတ်ကျင်းမြို့ခံတယောက်က “မြို့ထဲမှာကရှိတယ်။ အကုန်လုံးဆုတ်သွားတာ မဟုတ်ဘဲ အယောက် လေးငါးဆယ်လောက်တော့ ချန်ထားခဲ့တယ်။ ဒီဘက်က PDF အုပ်စုတွေကလည်း တောင်ပေါ်တွေ ပွိုင့်ကုန်းတွေမှာရှိတယ်။ မနေ့က ဝင်လာတာ ၄ မိုင်ကုန်းဘက်က။ အဲ့ဘက်က စိုးမိုးထားတဲ့နယ်မြေအတိုင်း စစ်ကြောင်းထိုးလာတာ။ မြစ်လမ်းကြောင်းကနေ ထိုးလာတာ။ ကုန်းလမ်းကြောင်းက ထိုးတာမဟုတ်ဘူး။ အင်အားအလုံးအရင်းနဲ့ထိုးပြီးတော့ ဝင်လာတယ်။ ဝင်လာပြီးတော့ မနက်ခင်းကို ဓာတ်ပုံရိုက်ပြီးတော့ အင်အားတော်တော်များများက တခါတည်း တန်းဆုတ်သွားတာ။ နည်းနည်းလေးချန်ခဲ့တယ် ဆိုရုံလောက်လေးကျန်ခဲ့တာ” လို့ ပြောပါတယ်။
သပိတ်ကျင်းမြို့ဟာ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားနဲ့ ရှမ်းပြည်နယ် ကျောက်မဲ၊ သီပေါဘက်ကို မန္တလေးတိုင်းထဲကရောက်နိုင်တဲ့ ကုန်းလမ်းကော ရေလမ်းအရပါ အချက်အချာကျတဲ့မြို့တမြို့ပါ။
၂၀၂၄ ခုနှစ်ထဲမှာတော်လှန်ရေး မဟာမိတ်တပ်တွေက သပိတ်ကျင်းမြို့ကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၂ ရက်မှာတော့ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ တပ်တွေပေါင်းပြီး ၁၁ လ ကြာပြန် တိုက်ယူပြီးတဲ့နောက် သပိတ်ကျင်းမြို့ကို ပြန်ရတာလို့ တပ်ထောက်ခံတဲ့ချန်နယ်တွေမှာရေးသား ဖော်ပြနေကြပါတယ်။
သပိတ်ကျင်းမြို့ထဲကိုဝင်လာတဲ့စစ်ကြောင်းဟာ ဧရာဝတီမြစ်ကြောင်းကနေ တက်လာတဲ့ စစ်သင်္ဘာတွေဆီက အကူအညီနဲ့ လူနဲ့ လက်နက်အင်အားတွေဖြည့်ပြီး စစ်ကြောင်းထပ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီတင်တာတော့တင်တာပေါ့။ ဒီမှာက ကျနော်တို့ဝိုင်းပိတ်ဆို့ပြီး လုပ်နေရတဲ့အခြေအနေ တွေရှိတယ်။ ကျနော်တို့ယူဆတာကတော့ သင်္ဘာပေါ်ကနေ သူတို့ရိက္ခာချတယ်ပေါ့။ အဲ့ရိက္ခာစစ်ကြောင်းကို ဖောက်ပြီးတော့ လာပြီးထွက်ယူတယ်လို့ကျနော်တို့ယူဆပါတယ်။”
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒုဗျူဟာမှူးလို့ ယူဆရတဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၅၄ ဆင်း ဖြိုးကျော်နဲ့ တခြားစစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ယောက်ရဲ့ အလောင်းကို ရခဲ့တယ်လို့ MDY-PDFက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်မှာ ကိုးကန့်ဒေသ လောက်ကိုင်မှာ တော်လှန်ရေးတပ်တွေကို လက်နက် ချခဲ့ရတဲ့ ခလရ (၂၃၉) ပါ ပါဝင်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
မောရစ်