Home
မြန်မာသတင်း
ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၃ ဦးကို ရေးဘီလူးအဖွဲ့ဖမ်းမိ
DVB
·
July 20, 2025
Photo : ရေးဘီလူး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၃ ယောက်ကို ဇူလိုင် ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ဆီက သိရပါတယ်။

ရေးမြို့နယ် စစ်ကောင်စီတပ်ရင်း ခမရ ၁၉ က စစ်ကောင်စီတပ်သား ၃ ယောက်ဟာ ပြီးခဲ့တဲ့ဇူလိုင် ၆ ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်လာပြီးနောက် ဇူလိုင် ​၁၈ ရက်နေ့မှာတော့ ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိပြီး စစ်သုံ့ပန်းအဖြစ်ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ရေးဘီလူးက “သူတို့ ၃ ယောက်က ဇူလိုင်လ ၆ ရက်နေ့မှာ တပ်ထဲကထွက်ပြေးလာပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ကျနော်တို့အဖွဲ့နဲ့ အဆက်သွယ်တချက်ရတယ်။ အဲနောက်ပိုင်း သူတို့လည်း တခြားတနေရာကိုရုန်းထွက်ဖို့ ရှောင်တိမ်းနေရင်းက အရှင်ဖမ်းမိခဲ့တာပါ။  သူတို့တပ်ရင်းမှာက ဗဟိုကင်းကိုပဲ လက်နက်ထုတ်ပေးထားပြီး ကျန်တဲ့သူတွေကိုတော့ ရှေ့တန်းထွက်မှ လက်နက်ထုတ်ပေးတာလို့သိရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို ဗျူဟာဆီကိုအပ်နှံနိုင်ဖို့ ချိတ်ဆက်ထားပြီ ဖြစ်ကြောင်းနဲ့ အခုနှစ်အတွင်း စစ်သုံ့ပန်း ၄ ယောက် ဖမ်းဆီးရမိထားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့နဲ့ ဇူလိုင် ၁၈ ရက်နေ့က မွန်ပြည်နယ်အတွင်း တော်လှန်ရေးရဲဘော် ၄၄ ယောက် အလင်းဝင်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

“ဒါကတော့ စစ်ကောင်စီက သူတို့လုပ်မယ့်ရွေးကောက်ပွဲကာလအတွင်း သူတို့ဘက်အခြမ်းကို ပြန်ပါလာအောင်လို့ ဝါဒဖြန့်ဖန်တီးတာလို့မြင်တယ်။ ဘယ်လိုယုတ္တိမရှိသလို မြွေမြွေချင်း ခြေမြင်တာပေါ့။ တောတောင်ကနေပြီး မြို့ပေါ်ထိ အလင်း​ဝင်ရောက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်သလို တော်လှန်ရေးအဖွဲ့တွေလည်း အဲလိုအလင်းဝင်ရောက်တာမရှိပါဘူး” လို့ ရေးဘီလူးက ပြောပါတယ်။

ရေးဘီလူး တော်လှန်ရေးအဖွဲ့အနေနဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်မဲ့ အရှင်ဖမ်းဆီးရမိခဲ့ရင် ဗျူဟာဆီကို စစ်သုံ့ပန်းအနေနဲ့ပြန်လည်အပ်နှံပေးသလို တိုက်ရိုက်ချိတ်ဆက် အလင်းဝင်လာမယ့် သူတွေကိုလည်း သေနတ် ၁ လက်ကို ငွေကျပ်သိန်း ၃၀၊ စနိုက်ပါလို လက်နက်ကြီးယူဆောင် အလင်းဝင်ရောက်လာရင် ငွေကျပ်သိန်းရာချီ ဆုချီးမြှင့် ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024