
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကနေ မဲဆွယ်စည်းရုံးရာမှာ စစ်တပ် ဂုဏ်သိက္ခာထိခိုက်အောင် မပြောဖို့နဲ့ စစ်တပ်ပြိုကွဲစေမယ့် စကားမပြောဖို့ အပါအဝင် စည်းကမ်းချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာ ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီထုတ်ပြန်ချက်မှာ နိုင်ငံရေးပါတီတွေ နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံကနေ မဲဆွယ်စည်းရုံးရေး ဟောပြောနိုင်ဖို့ အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ ခွင့်ပြုတယ်လို့ ဖော်ပြထားပါတယ်။
ဝန်ထမ်းတွေအလုပ်မလုပ်အောင်၊ ဆန့်ကျင်ဆန္ဒပြအောင် လှုံ့ဆော်တာမလုပ်ဖို့၊ ပညာသင်ကြားရေးကို ထိခိုက်အောင်လှုံ့ဆော်တာမလုပ်ဖို့နဲ့ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမလုပ်ဖို့လည်း တားမြစ်ထားပါတယ်။
မဲဆွယ်စည်းရုံးဖို့ ပါတီတခုကို ၁၅ မိနစ်ခွင့်ပြုမှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေးပြောမယ့် စာမူကိုလည်း တင်ပြရမှာဖြစ်သလို တင်ပြထားတဲ့ စာမူကို UEC က စိစစ်ပြီး လိုအပ်ရင် ပြန်လည်ပြင်ဆင်ရေးသားရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မဲဆွယ်စည်းရုံးရေးဟောပြောတာကို မြန်မာစကားနဲ့ဖြစ်ဖြစ်၊ တိုင်းရင်းသား ဘာသာစကားနဲ့ဖြစ်ဖြစ် စည်းရုံးခွင့်ပြုမှာဖြစ်ပေမယ့် စာမူတင်ပြရင် မြန်မာဘာသာနဲ့ပါ ပူးတွဲတင်ပြရမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




