
နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ ဘွဲ့ရသူတွေဖြစ်ရမယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားလိုက်ပါတယ်။
ဩဂုတ် ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီ ၆၁ ပါတီနဲ့ ဆွေးနွေးပွဲမှာ လာမယ့်ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ ပညာအရည်အချင်းနဲ့ ရွေးကောက်ပွဲစနစ်တွေအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာမှာ ပြောဆိုခဲ့တာပါ။
UEC ဥက္ကဋ္ဌ ဦးသန်းစိုးက အခုလက်ရှိမှာ ကိုယ်စားလှယ်လောင်းတွေဟာ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူတွေဖြစ်ရမယ်လို့ သတိပေးကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် နောက်လာမယ့် ရွေးကောက်ပွဲတွေမှာတော့ ကိုယ်စားလှယ်လောင်းတွေဟာ စစ်အစိုးရ အသိအမှတ်ပြု တက္ကသိုလ်၊ ကောလိပ်တစ်ခုခုက ဘွဲ့ရသူတွေ ဖြစ်ရမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ အခုကတည်းက ကြိုတင်စီစဉ်ထားဖို့လည်း ပြောကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ကို အသုံးပြုသွားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက်တော့ ရောနှောထားတဲ့ ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
မဲပေးတဲ့အခါမှာ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး မဲတမဲဟာ ကိုယ်စားလှယ်လောင်းကိုရော၊ ပါတီကိုပါ မဲပေးတဲ့ပုံစံမျိုး ဖြစ်မယ်လို့လည်း ဖော်ပြထားပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့လည်း PR စနစ် ကျင့်သုံးမယ့် မဲဆန္ဒနယ်တွေအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို ဦးစားအဆင့်သတ်မှတ်ပြီး UEC ကို တင်သွင်းရမှာ ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးတွေကိုတော့ FPTP ကိုယ်စားလှယ်လောင်းတွေလိုပဲ PR ကိုယ်စားလှယ်လောင်းတွေကလည်း ဆောင်ရွက်နိုင်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး စစ်ကောင်စီနဲ့ UEC တို့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးဟာလည်း တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။