
ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ ဗန်းမော်မြို့က စစ်ရှောင် Non CDM ဝန်ထမ်းတွေ ပြည်နယ်အစိုးရရုံးအခြေစိုက်ရာ မြစ်ကြီးနားမြို့မှာ သြဂုတ် ၂၂ ရက်က စပြီး မဲပေးစက်သင်တန်းတက်နေရတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မန္တလေးနဲ့မြစ်ကြီးနားမှာ စစ်ရှောင်နေတဲ့ ဗန်းမော်မြို့က Non CDM ဝန်ထမ်းများကို သြဂုတ် ၁၂ ရက်က စာထုတ်ပြီး ပြည်နယ်ရုံးမှာ လူစုခိုင်းကာ မြစ်ကြီးနားစုပေါင်းရုံးမှာ သင်တန်းပေးနေတာလို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ရွေးကောက်ပွဲမှာ ဗန်းမော် မပါပေမဲ့ စစ်ရှောင်သွားတဲ့ ဝန်ထမ်းတွေကို ပြန်ခေါ်ပြီး မဲပေးစက်သင်တန်းပေးတာ၊ ပညာရေးဝန်ထမ်းတွေပဲ ခေါ်တာမဟုတ်ဘူး၊ ဗန်းမော်ကနေ စစ်ရှောင်သွားတဲ့ ဝန်ထမ်းတွေ အကုန်ပြန်ခေါ်တာ။ တပ်ကပြန်ရရင် ပြန်ဝင်လို့ရအောင်ဆိုပြီး အခုထိ တပ်က မရသေး။ မြစ်ကြီးနားမှာ ဝန်ထမ်းတွေ သောင်တင်နေတယ်"လို့ ပြောပါတယ်။
ဗန်းမော်ခရိုင်အတွင်းမှာရှိတဲ့ ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူမြို့နယ်တို့က ဝန်ထမ်းတွေ နဲ့ စစ်ရှောင်ဝန်ထမ်းတွေကို အလှည့်ကျသင်တန်းပေးတာဖြစ်ပြီး ပြည်နယ်အစိုးရထောက်ပံ့မှု့နဲ့ ခရိုင်ကော်မရှင်အဖွဲ့က ပေးနေတာပါ။
ပြည်နယ်အစိုးရက ဒီလို သင်တန်းတွေ ပေးနေပေမဲ့ ပြီးခဲ့နှစ် ဒီဇင်ဘာလက စခဲတဲ့ ဗန်းမော်မြို့အခြေအနေမှာ KIA၊ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကြား တိုပ်ပွဲတွေ ပြင်းထန်နေတယ်လို့ ဝန်ထမ်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မြို့နယ်ပေါင်း ၁၈ မြိုနယ်နဲ့ မြို့ ၃၀ ရှိတဲ့ ကချင်ပြည်နယ်မှာ KIA နဲ့ပူးပေါင်းတပ်တွေက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ ဒေါ့ဖုန်းယန်၊ မိုးမောက်နဲ့ လွယ်ဂျယ်စတဲ့ မြို့ ၁၀ မြို့ကို ထိန်းချုပ်ထားပါတယ်။
သြဂုတ် ၂၀ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ ကချင်ပြည်နယ်က တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ပူတာအို၊ မိုးညှင်း၊ မြစ်ကြီးနားစတဲ့ ၆ မြို့နယ်သာ ပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားပါတယ်။