
စစ်တပ်ဦးဆောင်ပြီး ဒီဇင်ဘာ ၂၈ ရက် စတင်ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွင်းမှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူတွေအနေနဲ့ ဘက်မလိုက်ဘဲ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြမှာကို ယုံကြည်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။
သြဂုတ်လ ၂၂ ရက်က နေပြည်တော်၊ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက “ရွေးကောက်ပွဲတွေကို အပိုင်းလိုက်ဆောင်ရွက်ရာမှာ စနစ်တကျ ဆောင်ရွက်နိုင်ရေး စီမံချက်များအတိုင်း ဆောင်ရွက်ကြဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ပြည်သူလူထုတရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အောင်မြင်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူတွေအနေနဲ့လည်း ရွေးကောက်ပွဲကျင်းပရာမှာ ဘယ်သူ့ကိုမှ ဘက်မလိုက်ဘဲ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် တိတိကျကျ ဆောင်ရွက်ကြမယ်လို့ ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို အပိုင်းတွေနဲ့ ပြုလုပ်မှာ ဖြစ်ပြီး အပိုင်း ၁ အနေနဲ့ ဒီဇင်ဘာ ၂၈ ရက်က စတင်ကာ မြို့နယ် ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းခြင်းကိုတော့ စက်တင်ဘာ ၈ ရက်ကနေ ၁၇ ရက်အတွင်း တင်သွင်းရမှာဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုတွေကို သြဂုတ် ၁၈ ရက်က စတင်ပြီး ပြုလုပ်နိုင်ပြီလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ထားပါတယ်။