
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုကာ ပဲခူးမြို့နယ် မဲဆန္ဒနယ်က ဝင်ပြိုင်သွားမယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပဲခူးမြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးမျိုးဆွေဝင်းကို စစ်ခေါင်းဆောင်က ရွေးချယ်ကာ ဝင်ပြိုင်ခိုင်းတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“လတ်တလော သိရတာ ပဲခူးမြို့နယ် မဲဆန္ဒနယ်မှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ဦးစောလင်းအောင်တို့ ၂ ယောက် ဝင်ပြိုင်မယ်၊ ကြံ့ခိုင်ရေးပါတီကနေ။ တိုင်းအစိုးရအဖွဲ့ထဲက ဘယ်သူတွေပါလာမလဲ မသိသေးဘူး။”
တိုင်းရင်းသားလူမျိုးစု မဲဆန္ဒနယ်အတွက်လည်း စစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်းအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်ဟာ ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်သွားမယ်လို့ တစညပါတီဝင် တယောက်က ပြောပါတယ်။
“ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ၅ ယောက် ဝင်ပြိုင်တဲ့အထဲမှာ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူရှေ့ဆောင်၊ ကျားဖြူနဲ့ ပြည်သူ့ပါတီက ယောကျ်ားလေး ၄ ယောက်၊ ကျနော်တို့ တစညပါတီက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ပြိုင်မှာ။”
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှာ အရင်က ဒုရဲချုပ် ၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ခန့်ခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ပဲခူးတိုင်းက ညောင်လေးပင်၊ တောင်ငူ၊ နတ္တလင်း၊ ပဲခူး၊ ပြည်၊ ရွှေတောင်၊ လက်ပံတန်းနဲ့ သာယာဝတီ မြို့နယ် ၈ မြို့နယ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




