
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ထဲကို အောက်တိုဘာ ၁၈ ရက်ကစပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေ ပြန်လည်ဝင်ရောက်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “အောက်တိုဘာ ၁၈ ရက်နေ့တုန်းကတော့ ဌာနဆိုင်ရာတွေ ဝင်လာတာတော့ တွေ့တယ်။ စစ်တပ်ရော ဌာနဆိုင်ရာတွေရော အကုန်ပြန်ထိုင်နေပြီ။ ဌာနဆိုင်ရာတွေ အကုန်ပြန်ဝင်လာပြီ။ တချို့တွေကတော့ သွားရောက်ကြိုတာ တွေ့ရတယ်။ ဝင်လာရင်တော့ သွားမကြိုလို့လည်း မရတော့ဘူးလေ” လို့ ပြောပါတယ်။
သီပေါမြို့ထဲ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ အောက်တိုဘာ ၁၈ ရက် နေ့လယ် ၂ နာရီခွဲကျော်ခန့်က ဝင်ရောက်လာတာဖြစ်ပါတယ်။
နောက်ထပ် ဒေသခံတယောက်က “ပြည်သူတွေက ရွေးစရာမရှိပါဘူး။ လက်နက်တွေနဲ့မို့ နိုင်တဲ့အဖွဲ့အောက်မှာ နေနေရမှာပဲ။ ဘယ်အဖွဲ့ပဲလာလာ ဟန်ဆောင်ပြီး ကြိုဆိုရတာပါပဲ” လို့ ပြောပါတယ်။
ကျောင်းနဲ့ ဆေးရုံကို အမြန်ဆုံးပြန်ဖွင့်မယ်လို့ သိရပြီး လက်ရှိမှာတော့ မြို့တွင်းမှာ မိုင်းရှင်းတာတွေ လုပ်နေသေးတယ်လို့ မြို့ခံက ပြောပါတယ်။
သီပေါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက် ညက စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာခဲ့ကာ ပြန်လည် သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက သီပေါမြို့ကို သိမ်းပိုက် ထိန်းချုပ်ခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ခဲ့တာပါ။
သီပေါမြို့ဟာ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ဖို့ စာရင်းထည့်ထားတဲ့ မြို့တမြို့ဖြစ်သလို မြန်မာနိုင်ငံရဲ့ အရှေ့မြောက် နယ်စပ်ကုန်သွယ်ရာ လမ်းမပေါ်မှာရှိတဲ့မြို့ ဖြစ်တာကြောင့် အရေးပါတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။




