ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့ကစပြီး လားရှိုး-သီပေါ-မန္တလေးလမ်းမကြီးကနေ ပြန်လည်သွားလာလို့ရပြီလို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ခရီးသည်တင်ယာဉ်မောင်းတယောက်က “ကုန်ကားတော့ မရသေးပါဘူး။ ကားငယ်တွေ အများစုက သွားလို့ရပါတယ်” လို့ ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာလည်း မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကားကြီး ကားငယ်တွေ သွားလာနေကြပြီး ကုန်တင်ကားတချို့ ကုန်မပါဘဲတက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
၁၂ ဘီးကုန်တင်ကားတွေ အဆင်းမှာ ပြောင်းတင်လာတာတွေ့ရသလို ကျောက်မီးသွေးတင် ကားကြီးတွေလည်း ဖြတ်သန်းသွားလာနေကြတာတွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
သီပေါနဲ့ ကျောက်မဲကြား လမ်းပိုင်းတချို့နေရာ ပျက်စီးနေတာ တွေ့ရပြီး ပြန်လှည့်ခိုင်းတာမျိုးတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဂုတ်တွင်းတံတားကလည်း ဘေလီတံတားပဲ ထိုးထားတာ။ ဘေလီတံတား ခံနိုင်ဝန်က အကန့်အသတ်ရှိတယ်လေ။ ကုန်ကားကြီးတွေမရလောက်သေးဘူး” လို့ ပြောပါတယ်။
လားရှိုး-သီပေါ-မန္တလေးလမ်းမပေါ်မှာ ကျင်သီတံတားနဲ့ ဂုတ်တွင်းတံတားကို ဖြတ်ရတာကြောင့် လက်ရှိမှာ ကားလေးတွေပဲ သွားလို့ရတာလို့ သူက ဆိုပါတယ်။
ဒေသခံနောက်တယောက်ကလည်း မန္တလေး-လားရှိုး လမ်းမကြီးကနေ အဆင်ပြေပြေ သွားလာနိုင်ပြီဖြစ်ပြီး ၁၆ ပေ ကုန်စိမ်းကားတွေကို စမ်းလွှတ်တာ ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ သီပေါကို ကျော်သွားနိုင်ပြီလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ သီပေါမြို့ကို ၁ နှစ်ကျော်အကြာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။






