Home
မြန်မာသတင်း
မုံရွာ-မန္တလေးလမ်းက ငွေကောက်ခံဂိတ်များအားလုံးပိတ်ရန် ခရိုင်ပကဖ ညွှန်ကြား
DVB
·
October 17, 2025

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အခွန်ကောက် လုပ်ငန်းဂိတ်တွေက လွဲလို့ တခြားဂိတ်တွေကို အောက်တိုဘာ ၂၀ ရက်က စပိတ်ဖို့ ခရိုင်ပကဖက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ လမ်းပေါ်တက် ဂိတ်စုံဖွင့်ပြီး ငွေကြေးကောက်ခံနေလို့ ပြည်သူတွေ ပြောဆိုလာတာကြောင့်လို့ NUG ရဲ့ မုံရွာခရိုင်စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ မုံရွာခရိုင် အခွန်ကောက်လုပ်ငန်းများ စိစစ်ထိန်းကြောင်းရေးအဖွဲ့တွေရဲ့ တရားဝင်အခွန်ဂိတ်တွေက လွဲလို့ ခရိုင်အထဲက အလှူခံဂိတ်ကအစ ဂိတ်တွေအားလုံးကို ပိတ်ထားဖို့ မနေ့က ထုတ်ပြန်ထားပါတယ်။

ခရိုင်ပကဖလက်အောက်ခံ တပ်ရင်းက ရဲဘော်တယောက်က “၁၅ ဖွဲ့ရှိရင် ၁၅ ဖွဲ့လုံးက ကောက်တော့ ပြည်သူတွေလည်း မြင်လာတဲ့အပိုင်း ပါတာပေါ့။ အဲဒါကြောင့် ပိတ်လိုက်တာပါ။ လက်ရှိ မုံရွာ-မန္တလေးလမ်းပေါ့။ အရင်ကတော့ အထက်က နားလည်မှုနဲ့ ကောက်ခွင့်တော့ ပေးထားတယ်။ အလှူငွေနဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွားလေးတွေဖြစ်တဲ့ အပိုင်းလေးတွေ ရှိတယ်။ တဂိတ်နဲ့ တဂိတ်က ဝါးလုံးတပြန်လောက်ပဲ ခြားတာကိုး။ ဂိတ်ဖွင့်ပြီးတော့ ဘာမှလည်း မလုပ်ဆောင်ပေးတော့ ပြည်သူတွေလည်း မြင်လာတာပေါ့။ ကိုယ့်ဘက်ကလည်း မှန်လားဆိုတော့ မမှန်ဘူးပေါ့။ အဆင်မပြေကြလို့ စာထုတ်လည်း တက်ကောက်နေကြတာပါ။ တချို့အဖွဲ့တွေလည်း ပြည်ပထောက်ပံ့ငွေ မရှိလို့ လမ်းပေါ်တက် ကောက်ခံရတာတွေ ရှိတာပေါ့” လို့ ပြောပါတယ်။

အရင်ကတော့ ဂိတ်ဖွင့်ပြီး ငွေမကောက်ကြဖို့ မြို့နယ်အနေနဲ့ပဲ ထုတ်တာရှိခဲ့ပေမဲ့ အခုအကြိမ်မှာတော့ ခရိုင်အနေနဲ့ ပထမဆုံးအကြိမ် ထုတ်ပြန်တာဖြစ်ပြီး ကားတစီးကို ကောက်ခံတဲ့ သတ်မှတ်ဈေးနှုန်း မရှိဘဲ သဒ္ဓါကြေးသာ ကောက်ခံခဲ့ပေမဲ့ ဂိတ်နဲ့ အဖွဲ့အစည်းအရေအတွက် တိုးလာလို့ ပိတ်လိုက်တာလို့ ဆိုပါတယ်။

ညွှန်ကြားချက်ကို မလိုက်နာရင် သတိပေး၊ အရေးယူသွားမယ်ဆိုပြီး တော်လှန်ရေးအင်အားစုတွေ အားလုံးကို အသိပေးထားတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဘာလို့ပိတ်တာလဲ ဆိုရင် ရတဲ့ငွေကြေးတွေကို အလွဲသုံးစားလုပ်တာရော ပြီးတော့ တော်လှန်ရေးအဖွဲ့မဟုတ်တဲ့ သူတွေကလည်း တက်ကောက်နေတာမျိုးတွေကြောင့်လို့ သိရတယ်။ စာကတော့ ခဏခဏထုတ်တာပါပဲ။ ပြီးရင်လည်း ဒီတိုင်းပဲဆိုတော့ ဘယ်သူမှသိပ်ပြီး ဂရုမစိုက်ကြသလို ဖြစ်နေတယ်။ ထိထိရောက်ရောက် လုပ်နိုင်ပါစေကြောင်းပဲ ဆုတောင်းနေပါတယ်။ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာ အကောက်များဆုံးပါပဲ။ ဆီဘောက်ဆာ တစီးကို ၆၀,၀၀၀ အထိ တောင်းတယ်” လို့ ပြောပါတယ်။

အဲဒီလိုကောက်ယူနေတဲ့ ဂိတ်တွေဟာ ထီးဆောင်း-အရာတော်လမ်းပိုင်း၊ မုံရွာ-မြင်းမူ လမ်းပိုင်းတွေမှာ ဂိတ်ပိုများပြီး မုံရွာ-အရာတော် လမ်းပိုင်းမှာတော့ မြို့နယ်အခွန်ဂိတ်ပဲ ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013