
မန္တလေး စွယ်တော်ကားဝင်းမှာ စစ်ကိုင်းဘက်ခြမ်း ကူးရမယ့် ကားတွေကို စစ်ကောင်စီတပ်က စစ်ဆေးနေတာမှာ ကြန့်ကြာနေလို့ လတ်တလော ကားပိတ်မှု ပိုဆိုးလာနေကြောင်း ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
မြစ်ကြီးနားတက်မယ့် ကားတွေ စွယ်တော်ကားဝင်းပြည့်ကုန်လို့ ၆၂ လမ်းပေါ်တောင် တောက်လျှောက် ကားအများကြီး ပြည့်နေပြီလို့ ကုန်သည်တယောက်က ပြောပါတယ်။
ကားတန်းရတာ အနည်းဆုံး ၁၅ ရက်လောက်ကြာပြီး တချို့က ၁၄ ရက်၊ ၁၅ ရက် ကြာတာတောင် ကားမထွက်နိုင်ဘူးလို့သိရပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က “တရက်မှာက အစီးရေက ၃၀ လောက်ပဲ စစ်နိုင်တာကွာ။ အလွန်စစ် ၄၀ ပဲ စစ်နိုင်မှာ။ တရက်ကို ဝင်တဲ့ ကားအစီးရေက ရာဂဏန်း ဆိုတော့ တရက်နဲ့ တရက်က မပြတ်တော့ ကားတွေက ပိတ်ကုန်ရော”လို့ ပြောပါတယ်။
မန္တလေးကနေ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ မြစ်ကြီးနား စသဖြင့် စစ်ကိုင်းဘက်ခြမ်း၊ စစ်ကိုင်းတိုင်းထဲ ဝင်မယ့်ကားတွေ စစ်ကိုင်းတံတားကို ကျော်မယ် ဆိုတာနဲ့ လမ်းခင်းကျောက်၊ သဲ ကားတွေကလွဲလို့ စွယ်တော်ကားဝင်မှာ အကုန်စစ်ရတာ ဖြစ်ပါတယ်။
ယာဉ်မောင်းတယောက်က “မုံရွာသွားမယ့် ကားတို့၊ ရွှေဘိုသွားမယ့် ကားတို့၊ မြစ်ကြီးနားသွားမယ့် ကားတို့၊ စစ်ကိုင်းဘက်ကို ကူးမယ့် ကားတွေ အကုန်လုံးကို စွယ်တော်ဝင်းမှာပဲ စစ်တဲ့ အခါကျတော့ ကားကွင်းထဲမှာ ကားက ရပ်စရာ မရှိဘူး ဖြစ်နေတာ”လို့ ပြောပါတယ်။
စစ်ကိုင်းဘက်ကို ကူးမယ့်ကားတွေကို အရင်တုန်းက တံတားပေါ်မှာပဲ စစ်တာ ဖြစ်ဖြစ်ပြီး အခု စွယ်တော်ကားဝင်းထဲမှာပဲ စစ်ဆေးနေတာဖြစ်ပါတယ်။
ဒေသခံကားမောင်းသမားတယောက်က “ငလျင်ဒဏ်ကြောင့် တံတားဟောင်းက ကျိုးသွားပြီး တံတားသစ်က ပြန်စိစစ်ရမှာရှိလို့ တံတားပေါ်ကို ကုန်ကားတွေ အဖြတ်မခံတော့ ဇက်နဲ့ပဲ ကူးရတယ်။ စစ်မယ့် ကားတွေ၊ စစ်ကိုင်းဘက်ကူးမယ့် ကားမှန်သမျှ အကုန်လုံးကို စွယ်တော်ကားဝင်းထဲမှာပဲ စစ်တာ။”
စစ်ဆေးရေး ကြန်ကြာလို့ ကားရက်ကြာတန်းစီရတဲ့အပြင် ကားတွေ ပိတ်ဆို့နေတာကြောင့် ရပ်နားရမယ့်ကားတွေလည်း လမ်းပေါ်ထိ ပြည့်လာကာ ရပ်စရာ နေရာခက်ခဲလို့ တချို့ကားတွေက ဆီဆိုင်တွေမှာ နေ့စဉ် ငွေပေးဆောင်ပြီး ရပ်နားထားကြရပါတယ်။
စစ်ကောင်စီဘက်ကတော့ တရားမဝင်ကုန်စည်တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ ကားနဲ့ ကုန်တွေကို စစ်ဆေးရေး တင်းကျပ်ထားပြီး အဖမ်းအဆီးတွေလည်း ဆက်တိုက် လုပ်နေတာကို တွေ့ရပါတယ်။