Home
မြန်မာသတင်း
မန္တလေးတွင် ပေါက်ကွဲမှုဖြစ်ပြီး မိန်းကလေးငယ် သေဆုံး၊ မိဘများ ဒဏ်ရာရ
DVB
·
October 12, 2025

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က နေအိမ်တလုံးမှာ အောက်တိုဘာ ၁၁ ရက် မနေ့ ညနေ ၃ နာရီကျော်က ပေါက်ကွဲမှုဖြစ်လို့ အသက် ၁၃ နှစ်အရွယ်မိန်းကလေး သေဆုံးပြီး မိဘတွေ ဒဏ်ရာရသွားတယ်လို့ ဖြစ်စဉ်မှာ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

ပန်းရံလုပ်ငန်းလုပ်သူ ကိုဝင်းနိုင်ဦးဟာ သူနေတဲ့ (စ) ရပ်ကွက်၊ ၁၂၃x၁၂၄ လမ်းကြားကနေအိမ်မှာ သန့်ရှင်းရေးလုပ်ငန်း လုပ်တဲ့ဆီကနေ ထည့်ယူလာတဲ့ သံတိုသံစထုပ်ကို ထုတ်ကြည့်ရာမှာ ဗုံးလို့ယူဆရတဲ့ ပစ္စည်းတခုက အစထွက်နေတဲ့ ကြိုးစလေးကို ဆွဲထုတ်မိရာက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “ရှမ်းပြည်နယ်၊ နောင်ချိုမြို့ဆေးရုံကြီးမှာ သန့်ရှင်းရေးလုပ်ငန်း လုပ်ပြီး ထည့်ယူလာတဲ့ သံတိုသံစအိတ်ထဲကနေပါလာတဲ့ ဗုံးလို့ ယူဆရတဲ့ဟာက ပေါက်ကွဲ။ ကြိုးစလေးထွက်နေတာကို ဆွဲလိုက်တော့ ယမ်းအနံ့ထွက်လာလို့ ရေအိုးတွေထားတဲ့ဘက်ကို လွှင့်ပစ်လိုက်တာ။ ရေချိုးနေတဲ့ သမီးနဲ့ ဇနီးအပါအဝင် ၃ ယောက် ထိခိုက်ခဲ့တာ” လို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အသက် ၃၈ နှစ်အရွယ် ကိုဝင်းနိုင်ဦး၊ ဇနီးဖြစ်သူ ၃၆ နှစ်အရွယ် မနုနုဝေ နဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မဆောင်းနှင်းဝေတို့ ထိခိုက်ဒဏ်ရာရခဲ့လို့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပြီး ဆေးကုသမှုခံယူနေတုန်း သမီးဖြစ်သူ မဆောင်းနှင်းဝေ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကို သိရှိသူတယောက်က “သေဆုံးသူကောင်မလေးက စဖြစ်ကတည်းက ပြင်းထန်တဲ့ ဒဏ်ရာတွေရှိပြီး သေဆုံးသွားတာ။ သက်ဆိုင်ရာက လာစစ်ဆေးသွားတယ်။ ရဲရော တပ်ရော လာတာ။ ပေါက်ကွဲတာက ဗုံးလို့ယူဆထားတယ်” လို့ ပြောပါတယ်။

သက်ဆိုင်က စစ်ဆေးချက်တွေအရ ပေါက်ကွဲခဲ့တဲ့ပစ္စည်းအတွင်းကနေ သံဘောစေ့အများအပြား ပေါက်ကွဲထွက်ရှိလာတာကြောင့်နဲ့ ယမ်းစအများအပြားပါ ထွက်လာတဲ့အတွက် မပေါက်ကွဲသေးတဲ့ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံးလို့ ခန့်မှန်းသုံးသပ်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013