Home
မြန်မာသတင်း
ပြည်သူနှင့်အချေအတင်ဖြစ်သည့်ရဲဘော်များကိုအရေးယူမည်
DVB
·
October 12, 2025

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ Starlink Internet စက်သိမ်းဖို့သွားရင်း ဒေသခံပြည်သူနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ရဲဘော်တွေကို သတိပေးအရေးယူတာတွေ ထိထိရောက်ရောက် လုပ်မှာဖြစ်သလို စည်းကမ်းချိုးဖောက်တဲ့ စက်ပိုင်ရှင်ကိုလည်း စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရေးယူမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေလုပ်ရာမှာ သတင်းပေါက်ကြားတာတွေဖြစ်ပြီး လေကြောင်းတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ဖြစ်နေလို့ ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်ကစပြီး  Starlink Internet သုံးတာကို စိစစ်ကြပ်မတ်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး အရေးယူတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

စဉ့်ကူးမြို့နယ်ထဲက ရွာတရွာမှာ စည်းကမ်းနဲ့အညီမသုံးတဲ့ Starlink Internet ကို သတင်းအရ သိမ်းဆည်းဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပူးပေါင်းအင်အား ၅ ယောက်ဟာ အောက်တိုဘာ ၁၁ ရက်နေ့က သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စည်းကမ်းချိုးဖောက်တဲ့အိမ်က ‘တာဝန်ရှိသူတယောက်ကိုယ်တိုင်လာသိမ်းမှ လက်ခံမယ်’လို့ ပြောတာကြောင့် စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်နဲ့ တာဝန်ရှိသူ ၁ ယောက်နဲ့ ပူးပေါင်းတပ်ဖွဲ့အင်အား ၁၂ ယောက် မွန်းလွဲပိုင်းမှာ ထပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ အခု အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာပါတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လေ့လာရာမှာ တာဝန်ကျရဲဘော်တွေဟာ အစပိုင်းမှာ ကောင်းကောင်းမွန်မွန် ကျေကျေလည်လည် ရှင်းပြပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြည်သူလူထုအပေါ် ဆက်ဆံပြုမူရမယ့်စည်းကမ်းနဲ့ ကျင့်ဝတ်တွေကိုချိုးဖောက်ပြီး စိတ်လိုက်မာန်ပါအပြုအမူတွေနဲ့ ပြန်လည်တုံ့ပြန်ပြုမူခဲ့တာကို စိတ်မကောင်းဖွယ်ရာ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန်ကျရဲဘော်တွေကို ထိုက်သင့်တဲ့ သတိပေးအရေးယူတာတွေ ထိထိရောက်ရောက်လုပ်မှာဖြစ်သလို စည်းကမ်းချိုးဖောက်တဲ့ Starlink Internet စက်ပိုင်ရှင်ကိုလည်း ထုတ်ပြန်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရေးယူမယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အတွက် အများပြည်သူလူထု စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကို အများကြီး စိတ်မကောင်းဝမ်းနည်းဖြစ်ရပြီး နောက်နောင် အခုလိုထပ်မဖြစ်စေဖို့ အထူးအလေးပေး ကြပ်မတ်သွားမယ်လို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013