
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး မြို့နဲ့ ၄ ဖာလုံအကွာထိ စစ်ကောင်စီစစ်ကြောင်း ရောက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိနဲ့ ၁၄ ရက်နေ့ ညနေပိုင်းတို့မှာ သီပေါမြို့ပြင်ဘက်ကို ပြင်းပြင်းထန်ထန် လေကြောင်း ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတယောက်က “ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တော့ ငြိမ်နေတယ်။ မနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ လေယာဉ်တွေက ဝဲလိုက် ကြဲလိုက်ပါပဲ။ မြို့ပြင်ဝန်းကျင် ရှင်းနေတဲ့သဘော ဟုတ်မယ်ဗျ။ အောက်တိုဘာလ ၁၄ ရက်နေ့ကတော့ ခါလိန်ရွာက သုံးလေးအိမ်ထိတယ် ပြောတယ်။ တခြားတော့ မသိဘူး။ အလကားနေရင်း ရွာနာတာပေါ့ဗျာ” လို့ ပြောပါတယ်။
သီပေါမြို့ပြင်နဲ့ ဘော်ကြိုရွာအကြား အောက်တိုဘာ ၁၄ ရက် ညနေပိုင်း ၄ နာရီကျော်ခန့်ကစ တိုးဂိတ်ကနေ နမ့်ဟူးနွဲ့အထိ တရုတ်-မြန်မာ ကုန်သွယ်ရာ ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ခါလိန်၊ မန်ဟဲ၊ ဂေါ်ဒန်၊ နမ့်ဟူးနွဲ့ စတဲ့ရွာတွေကို တောက်လျှောက် လေကြောင်းနဲ့ ဗုံးကြဲသွားတာလို့ သူက ပြောပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “မနေ့ အောက်တိုဘာလ ၁၅ ရက်နေ့က စံဖိတ်ရွာနား တဝိုက်တော့ လက်နက်ကြီးသံတွေ ကြားနေရ။ စံဖိတ်ရွာဆိုတော့ မြို့ထဲအဝင်ပေါ့။ နမ့်ဟူးနွဲ့ဘက်လည်း တနေကုန် ဗုံးကြဲနေတယ်။ ညနေပိုင်းထိ ကြဲနေတယ်” လို့ ပြောပါတယ်။
သီပေါမြို့ပြင်ပတ်လည် ကြဲနေပြီး စံဖိတ်အောက်ဘက်လို့ ယူဆရတဲ့ နေရာမှာတော့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပတ်ကြဲနေတာ တွေ့ရကာ စစ်ကောင်စီရဲ့ ခလရ ၂၃ တပ် နေရာဘက်လည်း ကြဲနေသံ ကြားရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီထောက်ခံသူတယောက်ကတော့ စစ်ကောင်စီ စစ်ကြောင်းတွေက မနေ့ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းမှာ သီပေါမြို့နဲ့ ၀ ဒသမ ၅ မိုင်အကွာမှာ ရောက်ရှိပြီ ဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
စစ်ကောင်စီ အင်အား ၃၀၀ ခန့်နဲ့ TNLA တို့အကြား ဘော်ကြိုကျေးရွာအုပ်စုထဲက နားခိုင်းရွာနဲ့ ကောင်းခါးရွာတွေမှာ အောက်တိုဘာ ၁၅ ရက် မနက် ၈ နာရီခွဲဝန်းကျင်ခန့်ကစ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်အထိ တိုက်ပွဲပြင်းထန်ကြောင်း၊ စစ်ကောင်စီဘက်က ဒရုန်းတွေ၊ လေကြောင်းတွေနဲ့ ပစ်ကူ တိုက်ခိုက်နေပြီး တိုက်ပွဲကြောင့် ရွာတချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း SSPP/SSA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်ကလည်း အထက်နမ့်ဟူးနွဲ့ရွာနဲ့ ခါလိန်ရွာအနီး ဂေါ်ဒန်ကုန်းနဲ့ စံဖိတ်ရွာသင်္ချိုင်းကုန်းကို စစ်ကောင်စီက Y-12 နဲ့ ဗုံးအလုံး ၃၀ ခန့် ကြဲချ တိုက်ခိုက်ခဲ့ပြီး ဗုံးကြောင့် ခါလိန်ရွာက နေအိမ် ၃ အိမ်နဲ့ နမ့်ဟူးနွဲ့ ဘုန်းကြီးကျောင်းထဲက အဆောင်တဆောင် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။




