
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဆင့်ကွဲပေါက်ကွဲတတ်တဲ့ ကလပ်စတာဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ရှင်းလင်းနေရတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၅ ရက် မနက်မှာ စစ်ကောင်စီလေတပ်က ဇရပ်ကုန်းရွာကို ကလပ်စတာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၁ ယောက် ဒဏ်ရာရပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “သေဆုံးသူကတော့ မရှိဘူးဗျ။ ထိခိုက်တာက ၁၁ ဦးပေါ့။ သာမန်ဗုံးမဟုတ်ဘူး၊ ကလပ်စတာဗုံးတွေ။ ဗုံးအလုံး သေးသေးလေးတွေ ဘေးကိုကျပြီး မကွဲတဲ့ဟာတွေကို လိုက်ကောက်ပြီး ခွဲနေရတယ်။ ၄ လုံးတော့တွေ့ပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ်နဲ့ ဇရပ်ကုန်းရွာရဲ့ စာသင်ကျောင်း၊ ဘုရားကုန်းတွေနဲ့ နေအိမ်တွေကို ဗုံးကြဲချ တိုက်ခိုက်သွားလို့ နေအိမ်တလုံးနဲ့ ဘုရားတွေ ပျက်စီးတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပေါင် ၃၀၀ တလုံးတည်း ချတာ။ အဲဒီအတွင်းထဲကမှ ဗုံးအလုံးလေးတွေ ပြန့်ပြီး ရွာထဲကျတာ။ မနက်ဖြန် ထပ်ရှာကြမယ်” လို့ ဆက်ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၄၅ နှစ်ကျော်အရွယ် ဇရပ်ကုန်းရွာဒေသခံ မသင်းက ဗိုက်ကို ထိမှန်ဒဏ်ရာရထားပြီး ဇရပ်ကုန်းရွာမှာ အလုပ်လာလုပ်တဲ့ အသက် ၅၀ အရွယ် အမျိုးသားကတော့ ဦးခေါင်းကို ထိမှန်တယ်လို့ ဇရပ်ကုန်းရွာဒေသခံပြောပြချက်အရ သိရပါတယ်။
ဒေသခံတယောက်က “သူတို့ကိုတော့ ကျေးလက်ဆေးခန်းကို ရွာကလူတွေပဲပို့လိုက်တယ်။ တိုက်ပွဲလည်းမရှိဘဲ ကြဲသွားတာဗျ။ မစိုးရိမ်ရတော့ဘူးလို့ သိရတယ်။ လေယာဉ်လာရင်တော့ ပုန်းကျင်းထဲ ဝင်ကြရတာပေါ့”လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလမှာလည်း ဇရပ်ကုန်းကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၇ ယောက် သေဆုံးပြီး နေအိမ်တွေလည်း ပျက်စီးသွားခဲ့ပါတယ်။
ကလပ်စတာဗုံးကို နိုင်ငံတကာက ပိတ်ပင်ထားတာဖြစ်ပြီး ထုတ်လုပ်တာ၊ အသုံးပြုတာ၊ သိမ်း ဆည်းတာနဲ့ ရောင်းချတာတွေကို တားမြစ်ထားပေမဲ့ ကလပ်စတာဗုံးတွေကို တားမြစ်ရေးအပေါ် နိုင်ငံတ ကာသဘောတူစာချုပ်မှာ မြန်မာက လက်မှတ်မထိုးထားဘူးလို့ သိရပါတယ်။
ကလပ်စတာဗုံးဟာ ဗုံးတလုံးအတွင်း ဗုံးသေးတွေ အများအပြားပါဝင်တာဖြစ်ပြီး ဗုံးကိုပစ်လိုက်တာနဲ့ မြေပြင်ပေါ်မှာ တနေရာခြင်း မဟုတ်ဘဲ ပျံ့နှံ့ကျသွားကာ ပေါက်ကွဲတာဖြစ်ပါတယ်။ မပေါက်ကွဲပဲကျန်နေတဲ့ဗုံးတွေဟာ နောက်ပိုင်းမှာ မြေမြုပ်မိုင်းလို အန္တရာယ်ဖြစ်စေတတ်ပါတယ်။




