ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၂ ယောက် သေဆုံးပြီး ကလေးငယ်တယောက်နဲ့ ဆရာမတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ဆီကနေ သိရပါတယ်။
အောက်တိုဘာ ၁၃ ရက် မနက် ၁၀ နာရီခွဲမှာ ဟားခါးမြို့နဲ့ မိုင် ၃၀ လောက်ဝေးတဲ့ ဗန်ဟားကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်းဟားကျေးရွာ စာသင်ကျောင်းကို ထိခိုက်ခဲ့ပြီး ပထမတန်းကျောင်းသား ကလေးငယ်တယောက်နဲ့ ပဉ္စမတန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ဂျက်ဖိုက်တာနဲ့ ပစ်ပြီးတော့မှ ဒရုန်းနဲ့ တချက်လာပစ်သွားတာပေါ့။ ကျောင်းသားငယ် ၂ ဦးကတော့ ပွဲချင်းပြီးသေပြီး ကျောင်းဆရာမတဦးရယ် ကလေးတဦး ဒဏ်ရာရတာပေါ့။ မနက် ၁၀ နာရီခွဲမှာ ကျောင်းလုပ်အားပေး ဆိုပြီးတော့ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်နေတဲ့အချိန်မှာ လာပစ်သွားတာပေါ့” လို့ ပြောပါတယ်။
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်ကလွဲလို့ တခြားနယ်မြေတွေကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကလည်း မင်းတပ်မြို့နယ်က ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာတွေက စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား ၃ ယောက်နဲ့ မသန်စွမ်း အမျိုးသမီးတယောက် သေဆုံးပြီး ပြည်သူ ၂၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။







