Home
နိုင်ငံတကာ
ဂါဇာတွင် တူရကီလက်နက်ကိုင်တပ်ဖွဲ့များ ထားမည့်ကိစ္စ အစ္စရေး လက်မခံ
DVB
·
October 28, 2025
Photo :Reuters

ပါလက်စတိုင်းနယ်မြေထဲမှာ စစ်ပွဲကို အပြီးအပိုင်အဆုံးသတ်ဖို့ အမေရိကန်ရဲ့ အစီအစဉ်အရ ဂါဇာမှာ တူရကီလက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေမှာကို အစ္စရေးနိုင်ငံက လက်မခံဘူးလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆားက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်ထဲမှာ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့အကြား ၂ နှစ်ကြာ စစ်ပွဲကို ရပ်တန့်စေပြီး အခုလမှာ စတင်ခဲ့တဲ့ ပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကို လုံခြုံစေဖို့ ဂါဇာမှာ နိုင်ငံတကာတပ်ဖွဲ့တရပ် ထားရှိဖို့လည်း ပါပါတယ်။

ဒါပေမဲ့ အာရပ်နဲ့ တခြားနိုင်ငံတွေက နိုင်ငံတကာတပ်ဖွဲ့အတွက် သူတို့ရဲ့တပ်တွေကို လွှတ်ဖို့ အသင့် ဖြစ်မဖြစ် မသေချာသေးပါဘူး။

“လက်နက်ကိုင်တပ်ဖွဲ့တွေ လွှတ်ချင်တဲ့ ဒါမှမဟုတ် လွှတ်ဖို့ အသင့်ဖြစ်နေတဲ့ နိုင်ငံတွေဟာ အနည်းဆုံးတော့ အစ္စရေးအပေါ် တရားမျှတသင့်တယ်” လို့ ဆားက ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီယာတိုနဲ့အတူ ဘူဒါပက်စ်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တချိန်က နွေးထွေးတဲ့ တူရကီ-အစ္စရေး ဆက်ဆံရေးဟာ ဂါဇာစစ်ပွဲအတွင်း အပြင်းအထန် ယိုယွင်းပျက်စီးခဲ့ပြီး တူရကီသမ္မတ တေယစ်အာဒိုဂန်က ပါလက်စတိုင်းနယ်မြေထဲမှာ အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

ဆီယာတိုက ဥရောပသမဂ္ဂအနေနဲ့ အစ္စရေးအပေါ် ချဉ်းကပ်မှုကို ပြောင်းဖို့ တောင်းဆိုခဲ့ပါတယ်။ အစ္စရေး-EU ပေါင်းစည်းရေး သဘောတူညီချက်ကို အစီအစဉ်ကနေ ရပ်ဆိုင်းတာလိုမျိုး အဆိုပြုချက်တွေကို ဖယ်ရှားဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်တွေကို မစွန့်လွှတ်ဘဲ မကြာသေးမီက ဆွေးနွေးပွဲတွေဟာ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးတခု စီစဉ်ဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို ဖော်ပြနေတယ်လို့ သူက ပြောခဲ့ပါတယ်။

ယူကရိန်းမှာ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို ရုရှအစိုးရက ငြင်းပယ်လိုက်လို့ ဆွေးနွေးပွဲတွေအတွက် ကြိုးပမ်းမှုတွေ မှုန်ဝါးသွားခဲ့တာပါ။

ဒါကြောင့် ပြီးခဲ့တဲ့အပတ်က ဘူဒါပက်စ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေးကို ရပ်ဆိုင်းခဲ့ရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013