
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်မှာ လေယာဉ်နဲ့ စစ်သည်အင်အားဖြည့်တင်းနေပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပခုက္ကူ တပ်မ ၁၀၁ ကနေ အင်မထီးပျူစစ်စခန်းကို အောက်တိုဘာ ၃၀ ရက်က ၃ ကြိမ်၊ အောက်တိုဘာ ၃၁ ရက်မှာ ၃ ကြိမ်စုစုပေါင်း စစ်သည်အင်အား ၆၀၀ နီးပါး ချထားပြီး အင်အားဖြည့်တင်းလာတာဖြစ်ပါတယ်။
ဒေသခံတယောက်က “သူတို့ဘက်က ထိုးစစ်ဆင်တော့မယ် သဘောလည်းဖြစ်နိုင်တယ်။ ကျနော်တို့ပြည်သူတွေဘဝကလည်း ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲကတည်းက နေရပ်ကနေ ထွက်ပြေးနေကြရပြီး အခုလည်း နောက်တကြိမ်ပြေးကြရဦးမလား မသိရသေးပါဘူး” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်တပ်က ပုလဲမြို့ပေါ်အပါဝင် အင်မထီး၊ ဇီးဖြူကုန်း၊ ကန့်ဒေါင့်၊ မင်းတိုင်ပင် စတဲ့ ကျေရွာတွေမှာ တပ်စွဲ စခန်းချနေထိုင်နေတယ်လို့လည်း သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး ကျားသစ်နက်တပ်မတော်ရဲ့ တာဝန်ရှိသူ ကိုဥက္ကာက “စစ်အင်အား ဖြည့်တင်းမှုနဲ့ပတ်သက်ပြီး ဘာပြောချင်လဲဆိုတော့၊ ပုလဲမြို့နယ်က တခြား မြိုင်တို့၊ ပေါက်တို့၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီစတဲ့မြို့နယ်တွေထက်စာရင် စစ်ရေးအရအဆုတ်အတက် လွယ်တဲ့ သဘောရှိတယ်။ စစ်ကြောင်းထိုးမယ်ဆိုခဲ့ရင်လည်း အဲဒီကနေ ဗဟိုပြုထိုးနိုင်တယ်။ ကျနော်တို့လည်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး စစ်ရေးပိုင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။
စစ်တပ်က လေကြောင်းကနေ အင်အားဖြည့်တင်းနေသလို မြေပြင်မှာလည်း ထိုးစစ်ဆင်တာတွေလည်း ရှိတယ်။
အောက်တိုဘာ ၃၁ ရက်က ပုလဲမြို့နယ်၊ အင်မထီးပျူစစ်စခန်းကနေ အင်အား ၄၀ ကျော်နဲ့ အင်းကန်ရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းတကြောင်းနဲ့ မင်းတိုင်ပင်ရွာကနေ အင်းကန်ရွာဘက်ကို အင်အား ၃၀ ပါ စစ်ကြောင်းထိုးလာပြီး ဖြတ်သန်းသွာတဲ့ ကျေးရွာတွေမှာ နင်းမိုင်းတွေ ထောင်သွားလို့ လက်ပုကန်ရွာနေ အမျိုးသမီးတယောက် ဘယ်ဘက်ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပါတယ်။
ပုလဲမြို့နယ် အင်မထီးပျူရွာကို စစ်တပ်က စစ်အင်အားဖြည့်တင်းနေတာကြောင့် ဒေသခံတွေက တိုက်ပွဲပြင်းထန်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။




