
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နဲ့ ပန်းနီလာကျေးရွာကို အောက်တိုဘာ ၃၁ ရက် နေ့လယ် ၁၁ နာရီ ၃၅ မိနစ်နဲ့ ၃၇ မိနစ်တို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပန်းနီလာကျေးရွာမှာ ကလေးငယ်တွေ အပါအဝင် သေဆုံးသူ ၄ ယောက်ရှိပြီး နောက်ထပ် ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပန်းနီလာကျေးရွာသားတယောက်က ပြောပါတယ်။
“ပုဏ္ဏားကျွန်းနဲ့ ပန်းနီလာကို တချိန်တည်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ ဖြစ်တယ်။ ပုဏ္ဏားကျွန်း အခြေအနေတော့ အသေအပျောက် မသိရသေးဘူး။ ပန်းနီလာမှာ ၄ ယောက် သေတယ်။ ကလေးတွေနဲ့ အမျိုးသမီးတွေ ပါတယ်။ ၃ ဦးက အခင်းဖြစ်တဲ့နေရာမှာ သေတာ။ နောက်တဦးက ဆေးရုံမှာသေတာ။ ဒဏ်ရာရရှိတဲ့သူလည်း ၁၀ ဦးထက်မနည်း ရှိပြီးတော့ အသက်အန္တရာယ်ရှိတဲ့ သူတွေလည်း ပါတယ်။”
ပန်းနီလာကျေးရွာမှာ စာသင်ကျောင်းအနီးကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့မှာ ခမရ ၅၅၀ အနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့ကို အောက်တိုဘာ ၃၀ ရက်ကလည်း ဗုံး ၁၀ လုံး ကြဲချခဲ့ပြီး အောက်တိုဘာ ၃၁ ရက်မှာလည်း ပုဏ္ဏားကျွန်းမြို့နဲ့ ပန်းနီလာကျေးရွာကို ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရခိုင်က မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အထူးဂရုစိုက်ဖို့ လိုအပ်လာနေပြီလို့ ရခိုင်စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“အခု ရခိုင်မှာ တိုက်ခိုက်လာတာက ရှမ်းမြောက်မှာ ကိုးကန့်တို့ တအာင်းဒေသတို့က ပြည်သူတွေကို တိုက်ခိုက်တာနဲ့ တပုံစံတည်းပဲ။ ရှမ်းမြောက်ကို အပစ်ရပ်ပြီးတော့ ရခိုင်ကို စစ်ရေးအရ ဖိအားပေးတာ ဖြစ်တယ်။ ရခိုင်ပြည်သူတွေ အထူးသတိထားရပါတော့မယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကိုလည်း ကမ္ဘာကသိအောင် ထုတ်ဖော်ဖို့ ကြိုးစားကြရပါလိမ့်မယ်။”
စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်းမှာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း စတဲ့မြို့နယ်တွေကို နေ့စဥ်ရက်ဆက် တိုက်ခိုက်လာတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ ရက်ကလည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူတို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၈ ယောက်ရှိခဲ့ပြီး နောက်ထက် ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။




