Home
မြန်မာသတင်း
တနင်္သာရီ၌ နေရပ်ပြန် စစ်ဘေးရှောင် ၁ ဦးကို  စစ်တပ်က ပစ်သတ်
DVB
·
October 31, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ‌ စစ်ရေးတင်းမာနေချိန် အောက်တိုဘာ ၂၈ ရက်မှာ ကျေးရွာထဲကို ခဏပြန်လာတဲ့ စစ်ဘေးရှောင် အရပ်သားတယောက်ကို  စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

တနင်္သာရီမြို့နယ်က ဇဝဲ-တကူလမ်းပိုင်းက လေးမိုင်ကျေးရွာအနီးမှာ အောက်တိုဘာ ၂၇ ရက်က စတင်ပြီး အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေးမိုင်၊ ဒူးကြိုး၊ ဇဝဲ၊ ရေခဲချောင်းကျေးရွာတွေက ပြည်သူတွေရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်အစောပိုင်းမှာတော့ စစ်ရှောင်ရာကနေ ကျေးရွာကိုယာယီ ပြန်လာတဲ့ အသက် ၃၀ အရွယ် ဒူးကြိုးရွာခံအမျိုးသားတယောက်ကို  စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တာလို့  ဒေသခံက ပြောပါတယ်။

“ရွာမှာအိမ်မွေးတိရစ္ဆာန်တွေလည်းရှိနေတယ်ဆိုတော့ အခြေအနေပြန်လာကြည့်တယ်။ စကစတွေမရှိတော့ရင် ရွာသားတွေပြန်လာနေဖို့အတွက်လည်းဖြစ်မယ်။ သူ့နေအိမ်ဘက်တောင်မ ရောက်သေးဘူး၊ လမ်းမပေါ်မှာ ပစ်သတ်ခံထိတယ်။ ဒီလူကပုဆိုးမပါ၊ အင်္ကျီတောင်မပါဘဲ ဘောင်းဘီတိုလေးပဲ ဝတ်ပြီးလာတာပါ။ အနီးနားရောက်မှာပစ်သတ်လိုက်တာပါ။ အရပ်သားမှန်း သိသိကြီးနဲ့ပစ်သတ်တဲ့သဘောပါ။”

လေးမိုင်ရွာနဲ့ ဒူးကြိုးကျေးရွာက မြစ်ချောင်းတခုသာခြားပြီး အဆိုပါကျေးရွာ ၂ ရွာစလုံးမှာ အိမ်ထောင်စုပေါင်းက ၁၀၀ ကျော်လောက်သာရှိ ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း တိုက်ပွဲအတွင်း သေဆုံးတဲ့ အရပ်သားပြည်သူ ၂ ယောက်စလုံးဟာ ဒူးကြိုးရွာသားတွေ ဖြစ်ပြီး ရုပ်အလောင်းတွေကို ပြန်ကောက်မရသေးဘူးလို့ သိပါတယ်။

သေဆုံးသွားတဲ့ ၂ ယောက်ထဲက အမျိုးသားတယောက်ကတော့ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဗုံးသီးအစထိမှန်သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာ အဆိုပါ လမ်းပိုင်းတလျှောက် တိုက်ပွဲမငြိမ်သက်သေးဘူးလို့သိရပြီး စစ်ရေးအခြေအနေ တင်းမာလာမှာဖြစ်တဲ့အတွက် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့  တော်လှန်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013