Home
မြန်မာသတင်း
ရခိုင်တွင် စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၁,၀၀၀ နီးပါးရှိ
DVB
·
October 30, 2025

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁,၀၀၀ နီးပါးအထိ ရှိလာပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ် ၃၇၅ ယောက်အထိ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်ခဲ့တဲ့အတွက် အသက်၁၄ နှစ်အရွယ်ပဲ ရှိသေးတဲ့ မောင်ဌေးအောင်ဟိန်း ခေါ် ကိုလတ် သေဆုံးခဲ့ရပါတယ်။

သူဟာ အသက်ငယ်ရွယ်ပေမဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေတဲ့သူဖြစ်ပြီး ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင်တယောက် ဖြစ်ပါတယ်။

သွားလာဖို့ အခက်အခဲဖြစ်နေတဲ့ လူနာကို ကူညီပို့ဆောင်ပေးချိန်မှာ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင် ကိုခိုင်ဟိန်းထက်က “အခင်းဖြစ်တဲ့နေ့ ၂၆ ရက်နေ့ကကျတော့ နေ့လယ်ဘက် ၁ နာရီကျော်လောက်မှာ လူနာလမ်းကြောင်းတခု ရှိတယ်ဆိုပြီး အသင်းကို သတင်းရလို့ ကျနော်တို့ ကွမ်းတောင်ကို သွားကြတာပေါ့။ အဲဒီမှာ လူနာတင်နေတဲ့အချိန်မှာပဲ စစ်တပ်ရဲ့ ဒရုန်းကနေ ၁၂၀ မမ ပစ်လိုက်တာပေါ့။ အဲဒီမှာ သူရဲ့ ဘယ်ဘက်လည်ပင်းကို ၁၂၀ မမ ရဲ့ အစ ဝင်သွားပြီးတော့ ခုလို သေဆုံးသွားရတာပါ။ သူ့အပေါ်မှာ ကျနော်ရော အသင်းကလူတွေရော အများကြီး မျှော်လင့်ထားကြတာပါ။ သူ့မှာ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ အစွမ်းအစတွေ ရှိတယ်။ အဲဒီလို ကလေးတယောက်ကို ကျနော်တို့ ခုလိုဆုံးရှုံးလိုက်ရတယ် ဆိုတော့ ကျနော်တို့ ဘယ်စကားလုံးနဲ့ ပြောရမယ်မှန်းတောင် မသိတော့ဘူး” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ မောင်ဌေးအောင်ဟိန်းဟာ အသက် ၁၀ နှစ်ကျော်ကတည်းက ပရဟိတလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးနေတာဖြစ်ပြီး သူ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရတဲ့အပေါ် မိသားစုက နှမြောတသ ဖြစ်နေတာပါ။

ရခိုင်မှာ တကျော့ပြန် တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ အယောက် ၉၇၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၂,၀၅၄ ယောက်နဲ့ ဖမ်းဆီးခံရသူ အယောက် ၁,၀၀၀ ရှိတယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က အောက်တိုဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူတွေထဲမှာ မောင်ဌေးအောင်ဟိန်းလို အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ် ၃၇၅ ယောက် ပါဝင်ပြီး အဲဒီပမာဏက သေဆုံးသူ စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီး ၁,၂၆၄ ယောက်လည်း သေဆုံးခဲ့ရပြီး စုစုပေါင်း သေဆုံးသူတွေရဲ့ ၃၁ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ခုလို စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၄၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁,၀၁၅ ယောက် ရှိတယ်လို့ ဆိုထားပါတယ်။

၂၀၂၃ နိုဝင်ဘာလမှာ စခဲ့တဲ့ AA ရဲ့ ရခိုင်ပြည်နယ်ထိုးစစ်က ၂ နှစ်ပြည့်လုပြည့်ခင် အချိန်ကို ရောက်လာပါပြီ။

ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၇ ခုထဲက ၁၄ ခုကို AA က သိမ်းပိုက်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ AA သိမ်းယူထားတဲ့ မြို့တွေကို ပြန်မသိမ်းနိုင်သလို မြေပြင်ကနေ စစ်ကြောင်းထိုးတာမျိုးတောင် မလုပ်နိုင်ပါဘူး။

ဒါကြောင့် လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းက ဗုံးကြဲတာတွေပဲလုပ်ပြီး ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နေတာပါ။ အဲဒီလို တိုက်ခိုက်တာတွေကို စစ်တပ်က ဒီရက်ပိုင်းအတွင်း ပိုလုပ်လာနေပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင် မြို့နယ်တွေကိုတော့ စစ်တပ်က သူထိန်းချုပ်ထားတဲ့ နေရာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်၊ ဒရုန်းတွေသုံးပြီး ဗုံးကြဲတာတွေ ခပ်စိပ်စိပ် လုပ်လာပါတယ်။

ရခိုင်ပြည် တောင်ပိုင်းမြို့နယ်တွေမှာတော့ စစ်တပ်က ရေပြင်ကနေ စစ်သင်္ဘောတွေနဲ့ စစ်အင်အားဖြည့်တင်းနေသလို လက်နက်ကြီး ပစ်ခတ်တာတွေ၊ လေကြောင်းပစ်ခတ်တာတွေ ဆက်တိုက်ရှိလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တောင်ကုတ်ဒေသခံတယောက်က “သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင် တို့ရဲ့ ရေပြင်ကိုက လက်ရှိ စကမ က လွှမ်းမိုးထားတာ ရှိတယ်။ ဆိုတော့ သူတို့ရဲ့ ရေကြောင်းလှုပ်ရှားမှုတွေလည်း များတယ်။ ကျောက်ဖြူဘက်ကို စစ်အင်အား ဖြည့်တင်းတာတွေလည်း တော်တော်များလာတယ်။ ရေပြင်မှာလည်း စစ်သင်္ဘောတွေက အရင်ကထက် များလာတယ်။ အဓိက ဂွ၊ သံတွဲ အပါအဝင် ကျောက်ဖြူတို့၊ ရမ်းဗြဲတို့က နေဗီကို ကြောက်ရတယ်။ နေဗီကလည်းပဲ မထင်ရင် မထင်သလို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ လေယာဉ်နဲ့ ဗုံးကြဲတာရှိသလို ဒရုန်းတွေနဲ့လည်း ဗုံးကြဲတာရှိတယ်။ ဒီဒေသတွေမှာရှိတဲ့ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်စိတ်နဲ့ပဲ နေကြရတာပေါ့။ မြေပြင်စစ်ပွဲမရှိတဲ့အတွက် လက်ရှိ မြို့ပေါ်ကို ပြန်ရောက်နေတဲ့ ပြည်သူတွေကတော့ သီးခြား စစ်ဘေးရှောင်သွားတာတော့ မရှိဘူး။ ဒါပေမဲ့ ကိုယ့်အိမ်မှာ ကိုယ်နေတယ် ဆိုပေမဲ့လည်း သတိဝီရိယ ကြီးကြီးထားပြီး နေနေရတယ်။ နေ့ဘက်ဆိုလည်း သတိထားနေရသလို ညဘက်ဆိုလည်း သတိထားပြီး နေနေရတယ်။ အိပ်ရေးဝဝအိပ်လို့မရတဲ့ အနေအထားမျိုးတွေပါ” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုများလာတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ထိခိုက်သေဆုံးသူ အများစုဟာ ရခိုင်လူမျိုးတွေ ဖြစ်ကြပြီး မရမာကြီး၊ ဟိန္ဒူ၊ ခမီ၊ သက်နဲ့ ရိုဟင်ဂျာလူမျိုးတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013