
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တို့ကို စစ်ကောင်စီလေတပ်က ဒီနေ့ အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူ အယောက် ၂၀ ဝန်းကျင် သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဇီးကိုင်းရွာနဲ့ ပုဏ္ဏားကျွန်းမြို့ထဲကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ဇီးကိုင်းရွာမှာ ကျေးရွာဥက္ကဋ္ဌ အပါအဝင် ၅ ယောက်မနည်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အရပ်သား ၁၅ ယောက်ဝန်းကျင် သေဆုံးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က “နှစ်မြို့နယ်လုံးကတော့ အထိအခိုက်ရှိတယ်လို့ သိရတယ်။ သေသွားတဲ့သူတွေရဲ့ အမည်တွေ၊ အသက်တွေကတော့ မသိရသေးဘူး။ ဒဏ်ရာရသူတွေလည်း များတယ်။ ပုဏ္ဏားကျွန်းမှာတော့ လူ ၁၀ ဦးအထက်မှာ ရှိမယ်။ ဇီးကိုင်းမှာတော့ ၃ ဦးလောက် သေပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်” လို့ DVB ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး အင်တာနက်လိုင်းတွေကိုလည်း အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားလို့ ကနဦးသတင်းကိုသာ သိရှိရတာဖြစ်ပြီး အသေးစိတ်ကို AA ဘက်က ထုတ်ပြန်ဖို့ ရှိနေတာပါ။
ရသေ့တောင်မြို့ ဒေသခံတယောက်က “ဗုံးကြဲတာ ဟုတ်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ရွာအနီးကလူတွေက ပြောပြလို့ သိရတာ။ ဖုန်းလိုင်းတွေလည်း မရတော့။ အမျိုးသမီး၊ အမျိုးသား ဘယ်နှယောက်ပါတယ် ဆိုတာကို မသိရသေးဘူး။ ပုဏ္ဏားကျွန်းမှာက ဒေသခံတချို့ မြို့ထဲပြန်ဝင်နေကြပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ AA တို့ဟာ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေမှာသာ တိုက်ပွဲဖြစ်နေပေမဲ့ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်တာ၊ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်ထားရာ နေရာတွေထဲက တချို့နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ဖို့ ပြင်ဆင်နေသလို လေကြောင်း၊ ရေကြောင်းတို့ကနေလည်း တိုက်ခိုက်တာတွေရှိလို့ သတိပြုနေထိုင်ဖို့လည်း AA ဘက်က ထုတ်ပြန်ထားပါတယ်။




