
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပြည်သူတွေ နေထိုင်ရာ နေအိမ် အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ ဧရာဝတီတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ ပေါင် ၂၅၀ ဗုံးသီး ၃ လုံး၊ ဂျက်တိုက်လေယာဉ် ၃ စင်းတို့နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၂၄ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးသီးအစ ထိမှန်တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်သူပေါင်း ၅၅ ယောက်ထက်မနည်း ရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် အဆောက်အအုံပေါင်း ၆၇ လုံးထက် မနည်း ပျက်စီးခဲ့ပါတယ်။
စစ်တပ်က နိုင်ငံရေးအရ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေသလို၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုလည်း ဟန်ပြလုပ်ဆောင်နေပြီး တဖက်မှာလည်း အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေရှိရာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်တာတွေကို စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ ဧရာဝတီ PDF၊ အမှတ် (၂၉) နည်းဗျူဟာ၊ ဧရာဝတီတိုင်း စစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တို့က အောက်တိုဘာ ၃၁ ရက်မှာ ပူးတွဲ ထုတ်ပြန်ပါတယ်။




