
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးရွာအနီးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁ ရက် မနက် ၈ နာရီခွဲ ကျော်လောက်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ အမျိုးသမီးတယောက် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နတ်ကြီးရွာသားတယောက်က “စက်တပ်လေထီးနဲ့ ရွာပေါ်ကို ၃ ပတ် ပတ်ဝဲပြီးမှ ဗုံးသီးကြဲချတာ။ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘူး။ ဘယ် PDF မှ မရှိဘူးဆိုတော့ အခုလို မလုပ်လောက်ဘူး လို့ထင်တာ။ အခုတော့ ဗုံးသီး ၂ လုံးကြဲချလို့ ငှက်ပျောခြံအနီး ယာခင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတယောက် ကျည်စထိမှန်ဒဏ်ရာရခဲ့ရတယ်။ ဒဏ်ရာက လက်ကိုထိတာ။ အသက်အန္တရာယ်အတွက်တော့ မစိုးရိမ်ရပါဘူး”လို့ ပြောပါတယ်။
ချင်းတွင်းမြစ် အရှေ့ဘက်မြစ်ကမ်းဘေးမှာတည်ရှိတဲ့ နတ်ကြီးရွာဟာ အိမ်ခြေ ၁၈၀ လောက်ရှိပြီး စစ်တပ်ရဲ့ အကြိမ်ကြိမ်မီးရှို့ကာ လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ဒေသခံရွာသားတွေ နေရပ်စွန့်ခွာ ပြောင်းရွှ့နေထိုင်နေရပါတယ်။
ဗုံးလာရောက်ကြဲချတဲ့ စက်တပ်လေထီးဟာ မုံရွာမြို့ နမခစစ်တပ်အတွင်းကနေ လာရောက် ကြဲချသွားတာလို့ တော်လှန်ရေးအဖွဲ့က ပြောပါတယ်။
ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “အမျိုးသမီးတဦး လက် ကျည်စထိမှန်ထားတယ်။ ဆေးကုသမှုတော့ လုပ်ပေးထားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့ယာဉ်တွေ မြင်တယ်ဆိုရင် ဘေးလွတ်ရာကို ရှောင်တိမ်းကြဖို့လိုပါတယ်။ စစ်တပ်က လူစိတ်ရှိတဲ့ကောင် တယောက်မှမရှိဘူး။ အဲဒီလိုလူစိတ်မရှိလို့လည်း အခုလို ဗုံးကြဲတာပေါ့” လို့ ပြောပါတယ်။
စစ်တပ်က ကနီမြို့နယ်၊ ချောင်းမရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနီမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ၂ လလောက် မပြုလုပ်ခဲ့ဘဲ နိုဝင်ဘာ ၁ ရက်မှာ စစ်ရေးလှုပ်ရှားမှု ပြန်လည် စတင်ပြုလုပ်လာတာပါ။




