
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ်က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်က လုံခြုံရေး တင်တင်းကျပ်ကျပ်ချပြီး ဖျက်ဆီးလိုက်တယ်လို့ ပုသိမ်မြို့ နေထိုင်သူတွေဆီက သိရပါတယ်။
ပုသိမ်မြို့၊ ကန်သုံးဆင့် ပြည်ထောင်စုကွင်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို နိုဝင်ဘာ ၁ ရက်ညပိုင်းမှာ စစ်တပ်က ဘက်ဟိုး ၂ စီးနဲ့ ဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။
ပုသိမ်မြို့ခံတယောက်က “ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးခံရတာ ဟုတ်တယ်။ အပြင်ကကြည့်ရင် မိုးကာ အပြာနဲ့ကာထားလိုက်ပြီ။ အထဲကို သေချာဝင်ကြည့်ခွင့်မပေးဘူး။ လုံခြုံရေးတွေချထားတယ်” လို့ပြောပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ကို မမြင်ရတော့ဘဲ ပတ်လည်မှာလည်း ဇာအစိမ်းတွေနဲ့ကာလိုက်ပြီး ပတ်ဝန်းကျင်လမ်းတွေမှာလည်း စစ်သားနဲ့ ရဲတွေက လုံခြုံရေးယူထားလို့ ဗိုလ်ချုပ်ကြေးရုပ်ကို ဖျက်ဆီးလိုက်တာတော့ သေချာတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့က ဗိုလ်ချုပ်ကြေးရုပ်ကို စစ်ကောင်စီတပ်က ဖြိုဖျက်ပစ်တာနဲ့ပတ်သက်လို့ ဒေသခံတွေက ဒီနေ့ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားနေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိစျေးအနီးပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်တုကို စစ်ကောင်စီက ဖယ်ရှားခဲ့သလို ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းပေါ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို သြဂုတ် ၇ ရက် ညပိုင်းမှာ စစ်တပ်က ဖြိုချခဲ့ပါတယ်။




