
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် အောက်တိုဘာလကုန်ထိ အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ရက်ပေါ်ကနေ ဝေဖန်ရေးသားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံမှုကြောင့် ဖမ်းဆီးခံရသူပေါင်း ၁,၉၉၃ ယောက်အထိ ရှိကြောင်း သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ ပခူး၊ ဧရာဝတီ၊ မကွေးနဲ့ ရှမ်းပြည်နယ်တို့က အများဆုံးဖြစ်ပြီး စုစုပေါင်း ၁,၅၇၃ ယောက်အထိ ရှိခဲ့တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း အွန်လိုင်း ပြောဆိုဝေဖန်မှုတွေကြောင့် အဖမ်းခံရသူ ၂၅ ယောက်အနက် ၁၀ ယောက်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက်အထိ ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေအရ အရေးယူခဲ့တဲ့ အမှု ၄၀ မှာ အရေးယူခံရသူ ၈၈ ယောက်ရှိကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


