
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အရှေ့မြောက်ခြမ်း လယ်ဘဲ့ကျေးရွာအနီး စစ်ဘေးရှောင်တဲကို နိုဝင်ဘာ ၂ ရက် မနက်ခင်း ၈ နာရီ ကျော်လောက်မှာ လေယာဉ်နဲ့ဗုံးကြဲချလို့ ကလေးငယ် ၂ ယောက်နဲ့ ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးကြဲခံရလို့ ဒေသခံ အသက် ၅၅ နှစ်အရွယ် ဒေါ်ကြည်ဆန်း၊ အသက် ၇၁ နှစ်အရွယ် ဦးအောင်ထူး၊ အသက် ၃ နှစ်အရွယ် မောင်ဟိန်းမင်းသူ၊ အသက် ၁၂ နှစ်အရွယ် မောင်မျိုးဇင်ကိုနဲ့ မောင်ဟိန်းပြည့်ထက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ ဒီကောင်တွေ ဘာသတင်းရလို့လဲ မသိဘူး၊ အကြောင်းမဲ့သက်သက်ကို ဗုံးလာကြဲချသွားတာဗျ။ လယ်ဘဲ့ရွာအနီး စစ်ဘေးရှောင်တွေ နေထိုင်ရာ တဲတွေကို ကြဲသွားတာ”လို့ ပြောပါတယ်။
ဗုံးလာရောက်ကြဲချတဲ့ လေယာဉ်ဟာ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာအမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်က ပေါက်မြို့နယ်အတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာအပြင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေလာတဲ့ အင်အား ၆၀၀ ကျော်ပါ စစ်ကြောင်းကလည်း ပေါက်မြို့နယ်အတွင်းကို ဝင်ရောက် စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်ကိုလရာင်က “စစ်တပ်က ကျနော်တို့ ပေါက်မြို့နယ်ကို ဝေဟင်ကရော၊ မြေပြင်ကပါ ထိုးစစ်ဆင်နေတာဗျ။ ပြည်သူတွေလည်း စစ်ကြောင်းရန် ကြောက်ရ၊ ဝေဟင်က လေယာဉ်ကြောက်ရ၊ ပျူရွာနဲ့ စစ်တပ် အထိုင်စခန်းတွေဆီကနေ ပစ်ခတ်တဲ့ လက်နက်ကြီးရန်ကို ကြောက်ရ ဖြစ်နေကြရတာပါဗျ။ အခုလို ကျနော်တို့ ပေါက်မြို့နယ်ကို စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာဟာ အဓိကတော့ ပေါက်နယ်မှာ ရိက္ခာပြတ်တောက်နေတဲ့ ပျူရွာတွေကို ရိက္ခာရှာပေးဖို့ရယ်၊ နောက်တခုက ညီအထင်ပြောရရင် ရွေးကောက်ပွဲကြောင့်လည်း ပါတယ်။ အင်အားအလုံးအရင်းနဲ့ မြေပြင်ဖိအားပေးနေတာပေါ့” လို့ ပြောပါတယ်။
ပေါက်မြို့နယ်အတွင်း စစ်တပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲချမှုတွေကြောင့် ဒေသခံပြည်သူတချို့ တောတောင်တွေဆီ နေရပ်စွန့်ခွာနေကြသူတွေလည်း ရှိပါတယ်။




